
အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခတ်ပတ်မြို့နှင့် စော်ဘွားရေရှင် ကျေးရွာတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ်သား ငါး ဦးသေဆုံးပြီး ၁၀ ဦးနှင့်အထက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ခမ်းပတ်မြို့နှင့် စော်ဘွားရေရှင် ကျေးရွာတွင် ယနေ့ ဧပြီလ ၂၂ ရက်၊ မနက် ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးသီးအပါဝင် လေကြောင်းတိုက်ခိုက်မှု သုံးနေရာထက်မနည်း ပြုလုပ်ခဲ့သည့်အတွက် အရပ်သား အများပြား ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ မနက် အစောပိုင်းက ခမ်းပတ်မြို့နဲ့ စော်ဘွားရေရှင်ရွာကို စစ်တပ်က သုံးနေရာလောက် လေကြောင်းကနေ ဗုံးကြဲသွားတာပါ။ အရပ်သား စုစုပေါင်း ငါးယောက်လောက် သေဆုံးတာ အတည်ပြုလို့ရသေးတယ်။ ဒဏ်ရာရတဲ့အထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာတွေရှိသေးတယ်။ စော်ဘွားရေရှင်ရွာက အရပ်သား အလောင်းတွေဟာလည်း အစိပ်စိပ်အမွှမွှနဲ့ တစ်စစီပါဘဲ။ လူနေအိမ် ၁၀ လုံးလောက် ပျက်စီးသွားတယ်” ဟု ခမ်းပတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသွားသည့် အရပ်သားများသည် ခမ်းပတ်မြို့မှ ခရစ်ယာန် ဓမ္မဆရာ၏ သားအပါဝင် နှစ်ဦး၊ စော်ဘွားရေရှင်ကျေးရွာမှ အမျိုးသမီး သုံးဦး စုစုပေါင်း ငါးဦးရှိပြီး၊ ထိခိုက်ဒဏ်ရာရသည့် အရပ်သားများသည် ခမ်းပတ်မြို့မှ ကလေးအပါဝင် ရှစ်ဦး နှင့် စော်ဘွားရေရှင်ကျေးရွာမှ ငါးဦး စုစုပေါင်း ၁၃ ဦးရှိပြီး ၎င်းတို့ထဲမှ ထိခိုက်ဒဏ်ရာရသည့် စော်ဘွားရေရှင်ကျေးရွာမှ အရပ်သားများသည် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့ကလည်း ခမ်းပတ်မြို့နှင့် ကနန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ဘုရားကျောင်းတက်နေကြသည့် အရပ်သား ကလေးငယ်များ အပါဝင် ၁၇ ဦး သေဆုံးခဲ့သည်။
ခမ်းပတ်မြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားသည်။
#စစ်ကိုင်း #တမူး #ခမ်းပတ် #စစ်ကောင်စီ #လေကြောင်းဗုံးကြဲတိုက်ခိုက် #အရပ်သားထိခိုက်သေဆုံး #Ayeyarwaddy_Times