
ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်
ကရင်ပြည်နယ်၊ မြ၀တီမြို့သို့ စစ်ကူရန် နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးအမည်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်း ကြား ဖြတ်တိုက်ခိုက်ခံရပြီး သံချပ်ကာကားတစ်စီးနှင့် စက် သေနတ်တပ်စစ်သုံးယာဉ်များကို တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
မြ၀တီမြို့သို့ စစ်ကြောင်းထိုးတက်လာသည့် စစ်ယာဉ်တန်းကို ယမန်နေ့ ဧပြီ ၂၁ ရက်နေ့တွင် ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သံချပ်ကာကားတစ်စီး၊ စက်သေနတ်တပ် စစ်သုံးယာဉ် နှစ်စီးနှင့် အခြားလက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းတပ်ခွဲ(၄) က ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။
“မနေ့က အဲဒီဟာတွေ သိမ်းရမိတာမှန်ပါတယ်။ ရဲဘော်တွေလည်း မူးဝေပြီး ဆေးကုရ တာတွေရှိပါ တယ်”ဟု ကော်ဘရာစစ်ကြောင်းနှင့်နီးစပ်သည့် ရဲဘော်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ အင်အား ၅၀၀ ခန့်ပါသည့် အောင်ဇေယျစစ်ဆင်ရေး စစ်ကြောင်းသည် ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့ကတည်းက ကော့ကရိတ် မြို့သို့ သံချပ်ကာယာဉ် ရှစ် စီး၊ ကားအစီးရေ ၂၂ စီးဖြင့် မြ၀တီမြို့ ခလရ ၂၇၅ တပ်ရင်းကို စစ်ကူရန်တက်လာ ခြင်းဖြစ်ကြောင်း သိရသည်။
ထိုးစစ်ဆင်တက်လာသည့် အဆိုပါစစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့မှ လမ်းတစ်လျှောက်တွင် အဆက်မပြတ်ဖြတ်တောက် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် စစ်ကောင် စီဘက်မှ သံချပ်ကာယာဉ်နှင့် ဖောကားများအပါအ၀င် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ထိခိုက် သေဆုံးခဲ့ရခြင်း ကြောင့် စစ်ကြောင်းရှေ့မဆက်နိုင်ဘဲ ဒေါနတောင်တန်းအနောက်ဘက် တောင်ခြေ တွင် သာရပ်တန့်နေခဲ့ကြောင်း ဧပြီ ၁၈ ရက်နေ့တွင် KNU ကထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဘက်မှလည်း ဒရုန်းများအသုံးပြုပြီး ဓတုအဆိပ်ငွေ့ဗုံးများကို ကြဲချ တိုက်ခိုက်သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်များအဆိပ်သင့်မူးဝေ အော့အန်မှု များရှိခဲ့ပြီး တပ်စွဲထားရာနေရာ အချို့ကို လက်လွှတ်၍ ခေတ္တတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီဘက်မှ အင်အား ရာဂဏန်းခန့်ဖြင့် စစ်သုံးယာဉ်များ၊ စစ် လက်နက်ပစ္စည်းများ ဆုံးရှုံးထားပြီး မြ၀တီမြို့သို့ စစ်ကြောင်းထိုးရန်အတွက် နည်းမျိုးစုံ ဖြင့် ရှေ့ဆက်နိုင်ရန် ကြိုးစားနေကြောင်း သိရသည်။
ဓာတ်ပုံ- ကော်ဘရာတပ်ခွဲ ၄
#ကရင် #မြ၀တီ #စစ်ကောင်စီ #နိုင်ငံတော်အဆင့် #အောင်ဇေယျစစ်ဆင်ရေး #ကြားဖြတ်တိုက်ခိုက်ခံရ #Ayeyarwaddy_Times