
ဧရာ၀တီတိုင်းမ်
ဧပြီ ၂၂ ရက်
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် အမှတ် (၂) တံတား၀န်း ကျင်ကို စစ်ကောင်စီက လေကြောင်းမှ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံအရပ်သားပြည်သူ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယနေ့ ဧပြီ ၂၂ ရက်နေ့ နံနက် ၁၂ နာရီကျော်အချိန်မှ စတင်၍ တိုက် လေယာဉ်များအသုံးပြုကာ ပေါင် ၅၀၀ ဗုံးသီး ခြောက် လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ သည့်အတွက် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြား ရှိကြောင်း ဒေသခံများထံက သိရသည်။
“တိုက်ပွဲမဖြစ်ဘဲနဲ့ ပေါင် ၅၀၀ ဗုံးတွေနဲ့ လာကြဲတာ။ မြို့ထဲကအိမ်တွေကို တုန်ခါသွား တာပဲ။ စက်သေနတ် တွေနဲ့လည်း အဆက်မပြတ်ပစ်သွားတာ။ အိမ်တွေဆို ပြိုကျကုန် တာ။ ထိတဲ့သူတွေလည်းရှိတယ်” ဟု မြ၀တီမြို့နေဒေသခံ ပြည်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အမှတ် (၂) ချစ်ကြည်ရေး တံတားအနီးရှိ ခလရ-၂၇၅ မှ လက်ကျန်စစ်ကောင်စီ တပ်ဖွဲ့ဝင် များကို တိုက်ခိုက်ရန် ဝိုင်းပတ်ပိတ်ဆို့နေသည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များသည် ယမန်နေ့ ဧပြီ ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်ကစ၍ အရပ်သားပြည်သူများ၏ ဘေးအန္တရာယ်ကို ငဲ့ကွက်၍ ခေတ္တဆုတ်ခွာသွားကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာသွားသော်လည်း စစ်ကောင်စီက ယမန်နေ့တစ်ရက်လုံး လေကြောင်းမှပစ် ခတ်တိုက်ခိုက်သည့်အပြင် ယနေ့ ဧပြီ ၂၂ ရက်နေ့ နံနက် အစောပိုင်းတွင်လည်း ပေါင် ၅၀၀ ဗုံးများ ဖြင့်ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ပြည်သူများ ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ယနေ့ နံနက် ၁၂ နာရီ ၂၅ မိနစ်အချိန် တွင် ပေါင် ၅၀၀ ဗုံး သုံး လုံး၊ ၁၂ နာရီ ၄၀ မိနစ်အချိန် တွင် ထပ်မံ၍ သုံး လုံး စုစုပေါင်း ပေါင် ၅၀၀ ဗုံး ခြောက် လုံး ကြဲချခဲ့ကြောင်း သိရသည်။
ဗုံးထိမှန်သေဆုံးသူများနှင့် ဒဏ်ရာရရှိသည့် ဒေသခံများကို မဲဆောက်ဆေးရုံသို့ ခေါ်ဆောင်၍ ကုသပေးမှုများ ပြုလုပ်ပေးနေကြောင်း မြ၀တီမြို့တွင်းကူညီပေးနေသူ ထံက သိရသည်။
ပုံစာ – မြ၀တီမြို့တွင်း စစ်ကောင်စီဗုံးကြဲပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများသေဆုံး
#ကရင် #မြ၀တီ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ပေါင်၅၀၀ဗုံးကြဲချ #ဒေသခံသေဆုံး #Ayeyarwaddy_Times