ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ရက်

နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီက ကျေးရွာဘုန်းကြီးကျောင်းများကို ပစ်မှတ်ထား၍ လေကြောင်းမှ ခုနစ် ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးဝန်းကျင်များတွင် ယမန်နေ့ ဧပြီ ၂၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန် ခဲ့ရာ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ် ပြုလုပ်ခဲ့‌ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်သည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာတွင် မည်သည့်ရည်ရွယ်ချက်ကြောင့် ပြုလုပ်သည်ကို မသိရှိရသော်လည်း ကျေးရွာ ဘုန်းကြီးကျောင်းများသို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က လေကြောင်းမှနေ၍ သရက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းသို့ သုံးကြိမ် ၊ ဇာလီကျေးရွာ ဘုန်းကြီးကျောင်းသို့ နှစ်ကြိမ် နှင့် ပါဟပ်ကျေးရွာ ဘုန်းကြီး ကျောင်းသို့ နှစ်ကြိမ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ထို့အပြင် ညောင်ကုန်းကျေးရွာနှင့် DSTAကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ တပ်က ဧပြီ၂၀ ရက်နေ့ ည ၁၁နာရီအချိန်မှစပြီး ယမန်နေ့ ဧပြီ ၂၁ရက်နေ့ တစ်နေ့လုံး သရက်ကုန်းရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၅ရက်နေ့က နောင်ချိုမြို့နယ် သရက်ကုန်းရွာရှိ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီဘက်က ၂၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အများအပြားဆုံးရှုံးခဲ့ကြောင်း သိရသည်။

သရက်ကုန်းရွာစခန်း သိမ်းဆည်းခံရသည့်အပြင် ပြင်ဦးလွင် စစ်တက္ကသိုလ် (DSA) နှင့် စစ်နည်းပညာတက္ကသိုလ် (DSTA) ကျောင်းများကိုပါ ရှော့တိုက်ဒုန်းနှင့် ပစ်ခတ် ခံခဲ့ရသည့်အတွက် စစ်ကောင်စီက ပြင်ဦးလွင်ရှိ လယ်ပြောင်းပြန်၊ ရွာသစ်နှင့် နံကပ်ရွာများကို စီးနင်းပိတ်ဆို့ပြီး ရွာအဝင်အထွက်လမ်းများကိုပါ စစ်ဆေး တင်းကျပ် ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက သရက်ကုန်းကျေးရွာစခန်းကို ပြန်လည်ရရှိစေရန် ပြင်ဦးလွင်ဘက်မှ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းတိုက်ခိုက်မှုကို တောက်လျှောက်ပြုလုပ်လျှက် ရှိကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)
ပုံစာ- သရက်ကုန်း၊ ဇာလီ၊ ပါဟပ်ကျေးရွာရှိဘုန်းကြီးကျောင်းများကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ထားစဥ်
#နောင်ချို #သရက်ကုန်းရွာ #စစ်ကောင်စီ #ကျေးရွာဘုန်းကြီးကျောင်း #ပစ်မှတ်ထား #လေကြောင်းတိုက်ခိုက် #Ayeyarwaddy_Times