အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဧပြီလ ၂၂ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ် ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် စစ်ဘေးရှောင်များနေထိုင်သည့် နေရာသို့ ကျရောက်ပေါက်ကွဲပြီး အသက်ကြီးပိုင်း အမျိုးသမီး တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ကလေးမြို့နယ်တွင် ဧပြီလ ၂၁ ရက်၊ မနက် ၇ နာရီ မိနစ် ၂၀ ခန့်က စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ယောက်ချိုကွင်းကျေးရွာ ပြည်သူများ၏ စစ်ဘေးရှောင်သည့် နေရာတွင် ကျရောက်ပေါက်ကွဲပြီး အသက် ၆၇ နှစ်အရွယ် ဒေါ်အွဲ့ခန့်ကျိန် သည် ကျည်ထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။
“ယောက်ချိုကွင်း ရွာသားတွေက ချင်းပြည်နယ်အစပ် တောင်ယာမှာ စစ်ဘေးရှောင်ရင်း ဒီမနက် စစ်တပ်ရဲ့ လက်နက်ကြီးကျည်ဟာ သူတို့နေရာမှာ ကျပေါက်ကွဲသွားတာ။ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက နောက်ကျောဘက် ကျည်ထိမှန်ပြီး သေဆုံးသွားတယ်။ ကျန်တဲ့ လူတွေက ထိခိုက်မှုတော့ မရှိဘူး။ သေဆုံးတဲ့ အလောင်းကို တောင်ယာမှာ သဂြိုလ်လိုက်ပါပြီ။”ဟု စစ်ဘေးရှောင်အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်နက်ကြီးကျည် ထိမှန်၍ သေဆုံးသွားသည့် ဒေါ်အွဲ့ခန့်ကျိန်၏ ရုပ်အလောင်းကို ယနေ့ မွဲန်းလွဲပိုင်းတွင် ၎င်းတို့ စစ်ဘေးရှောင်သည့် တောင်ယာတွင် သဂြိုလ်လိုက်ခြင်း ဖြစ်သည်။
အလားတူ ဧပြီလ ၂၁ ရက်၊ နေ့လည် ၁၁ နာရီအချိန်တွင် ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာသား တစ်ဦးသည် ၎င်းနေအိမ်သို့ ပစ္စည်းသွားယူစဥ် စစ်ကောင်စီ၏ ဒရုန်းဗုံးသီး ထိမှန်ပြီး အသက်အန္တရာယ် မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် ကလေးမြို့နယ် အနောက်မြောက်ပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ယနေ့မနက်ပိုင်းတွင် မိုင်နွဲကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများထံက သိရသည် ။
ပုံစာ- စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားသည့် စစ်ရှောင် အမျိုးသမီး၏ ရုပ်အလောင်းကို တွေ့ရစဥ်။
#စစ်ကိုင်းတိုင်း #ကလေး #စစ်ကောင်စီ #လက်နက်ကြီးကျည်ထိမှန် #စစ်ဘေးရှောင်တစ်ဦး #သေဆုံး