နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ ရက်

စစ်ရေးအပါအဝင် ဘက်ပေါင်းစုံတွင် မရှုမလှ ရှုံးနိမ့်လာသည့် အာဏာသိမ်း စစ်ကောင်စီက တပ်သားအင်အား အရေးပေါ် လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရေးအတွက် အသက်သွင်းလိုက်သော ပြည်သူ့စစ်မှုထမ်း ဥပဒေအရ နှစ်လအတွင်း လူငယ် ၅၀၀၀ ဦးဝန်းကျင်ကို တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရပြီးနောက် လက်ရှိတွင် ဒုတိယအသုတ် အတွက် ထပ်မံလှုပ်ရှားလာကြောင်း လေ့လာစောင့်ကြည့်သူများထံက သိရသည်။

စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော အရွယ်ရောက်သူ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် အဆိုပါဥပဒေကို ၁၃ နှစ်ကျော်အကြာတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသက်သွင်းခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ နည်းဥပဒေ ထွက်ရှိရန်ကိုပင် မစောင့်တော့ဘဲ ၎င်းတို့၏ အခြေခံအကျဆုံး ယန္တရားဖြစ်သော ရပ်ကျေးအုပ်ချုပ်ရေး မှူးများဖြင့် ခြေလှမ်းသွက်သွက်ဖြင့် အကောင်အထည်ဖော်ခဲ့ရာ နှစ်လအတွင်း လူငယ် ၅၀၀၀ ဦးဝန်းကျင်ကို ပထမအသုတ်အဖြစ် စုဆောင်းနိုင်ခဲ့ကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့ လာရေးအဖွဲ့ (BACS) က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

“ပထမအသုတ်မှာတော့ သူတို့ပြောထားတဲ့အတိုင်း အင်အား ၅၀၀၀ ဝန်းကျင် စုနိုင်တာ တွေ့ရပြီးတော့ နိုင်ငံတစ်ဝန်းက သင်တန်းကျောင်း ၁၅ ကျောင်းမှာ သင်တန်းပေးနေတာ တွေ့ရတယ်။ အခုဆိုရင် ဒုတိယအသုတ် ခေါ်ယူဖို့အတွက်လည်း သူတို့ လှုပ်ရှားနေပြီပေါ့။ အခုဒုတိယအသုတ်မှာတော့ ပထမအသုတ်လို လွယ်လွယ်ကူကူစုဖို့တော့ လွယ်မှာ မဟုတ်တော့ဘူးလို့ ယူဆရတယ်” ဟု BACS ပြောရေးဆိုခွင့်ရှိသူ ကိုမင်းထက်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက မြို့နယ်ပေါင်း ၂၂၄ မြို့နယ်တွင် စစ်မှုထမ်း အကောင်အထည် ဖော်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ပြီး ထိုအထဲမှ ၁၈၆ မြို့နယ်တွင် စစ်မှုထမ်းအတွက် စာရင်းများ ကောက်ယူခြင်း၊ အကျုံးဝင်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းခြင်းနှင့် မဲနှိုက် ရွေးချယ်ခြင်းများ လုပ်ဆောင်ခဲ့သလို ကျန်သည့် ၃၈ မြို့နယ်တွင်လည်း ဝါဒဖြန့် စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မဲနှိုက်ပြီး လူရွေးတဲ့ပုံစံနဲ့ အဓိကစုဆောင်းတာကို တွေ့ရပါတယ်။ နောက်ထပ်ကတော့ ဘာသတ်မှတ်ချက်မှ မရှိဘဲ ဒီအတိုင်း သူတို့ခေါ်ချင်တဲ့သူကို ရွေးခေါ်တာပေါ့။ နောက်တစ်မျိုး ကတော့ ရပ်ကွက်ကနေ ငွေကြေးနဲ့ ငှားရမ်းပြီး လူစားထိုးခေါ်တာလည်း ရှိတယ်။ နောက်ဆုံး‌ တစ်မျိုးကတော့ သူတို့ဝါဒဖြန့်နေတဲ့ ကိုယ်တိုင်ဆန္ဒပြုသူတွေပေါ့။ ဒီလို ကိုယ်တိုင်ဆန္ဒပြုသူတွေလည်း အနည်းငယ်ရှိပါတယ်” ဟု BACS ပြောရေးဆိုခွင့်ရှိသူ ကိုမင်းထက်အောင်က ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းရန် စုဆောင်းခံရသည့် လူငယ်များကို ၎င်းတို့၏ လက်အောက်ခံ စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ)များနှင့် တပ်မတော်တန်းမြင့် သင်တန်းကျောင်း (တတက)များကို အဓိကပို့ဆောင်သကဲသို့ အခြားသင်တန်းကျောင်းများဖြစ်သည့် အမှတ် (၁) အရာခံအကြပ်ကြီး သင်တန်းကျောင်း (ဗထူး)နှင့် တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ (တကန – ဟိုပုံး) ကျောင်းနှစ်ကျောင်းသို့လည်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“သူတို့ရဲ့အင်အား လိုအပ်ချက်အရ စုဆောင်းတာရော နောက်ဒီလိုမျိုး စုဆောင်းခြင်း အားဖြင့် ငါးကြင်ဆီနဲ့ ငါးကြင်းကြော်သလိုပေါ့။ အဲလိုဖြစ်မယ့် ကိစ္စမျိုးတွေ ဖန်တီး လို့ရမယ့် အခြေအနေတစ်ခု ဖော်ဆောင်တယ် ဆိုတာလည်း သိသာတယ်။ နောက် တိုက်ပွဲပြင်းထန်နေတဲ့ အချိန်မျိုးမှာ ထိခိုက်မှု၊ နစ်နာမှုတွေကို အသုံးချပြီးတော့ တစ်ဖက်က တိုက်နေခိုက်နေတဲ့ အဖွဲ့တွေကို နာမည်ပျက်ဖို့လည်း အစီအစဉ် ဖြစ်နိုင်တယ် ဆိုတဲ့ဟာမျိုး တွေ့ရတယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး က ဧရာဝတီတိုင်းမ်ကို ပြောသည်။

သင်တန်းကျောင်းအလိုက် စစ်မှုထမ်းရန် စုဆောင်းခံရသော လူငယ်အရေအတွက်မှာ စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ)များဖြစ်သည့် ဖော်ကြီး(လှည်းကူး)ရှိ စခတ(၁)တွင် ၂၀၀ ဦးကျော်၊ သပိတ်ကျင်းရှိ စခတ(၂)တွင် ၁၇၀ ဦးဝန်းကျင်၊ ရွှေမြင်တင်(ပုသိမ်)ရှိ စခတ(၆)တွင် ၂၀၀ ဦးကျော်၊ တောင်တွင်းကြီးရှိ စခတ(၇)တွင် ၂၅၀ ဦးဝန်းကျင်နှင့် ရွှေဘိုရှိ စခတ(၈)တွင် ၁၇၀ ဦးဝန်းကျင်ရှိကြောင်း BACS ၏ အစီရင်ခံစာအရ သိရသည်။

ယင်းအပြင် တပ်မတော်တန်းမြင့် သင်တန်းကျောင်း (တတက)များဖြစ်သော ချင်းကုန်း (တိုက်ကြီး)ရှိ တတက(၁)တွင် ၅၀၀ ဦးခန့်၊ ဥတ္တရသီရိရှိ တတက(၂)တွင် ၂၀၀ ဦးဝန်းကျင်၊ ကျိုင်းတုံရှိ တတက(၃)တွင် ၁၇၀ ဦးဝန်းကျင်၊ သံဖြူဇရပ်ရှိ တတက(၄)တွင် ၂၀၀ ဦးကျော်၊ ကွင်းကောက်(အင်္ဂပူ)ရှိ တတက(၅)တွင် ၅၀၀ ဦးခန့်၊ အုတ်တွင်းရှိ တတက(၆) တွင်၃၀၀ ဦးကျော်၊ ပလောက်ရှိတတက(၁၂)တွင် ၂၀၀ ဦးကျော်၊ တွင်းငယ်(သပိတ်ကျင်း) ရှိ တတက(၁၃)တွင် ၂၀၀ ဦးကျော်ရှိကြောင်း သိရသည်။

ထို့အတူ အခြားသင်တန်းကျောင်းများဖြစ်သည့် ဗထူးတပ်မြို့ရှိ အမှတ် (၁) အရာခံ အကြပ်ကြီး သင်တန်းကျောင်း (ရကသ-၁)တွင်လည်း လူငယ် ၅၉၀ ဦး၊ ဟိုပုံးရှိ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း (တကန – ဟိုပုံး)တွင်လည်း လူငယ် ၅၀၀ ဦးကျော် ပို့ဆောင်ကာ စစ်သင်တန်းပေးနေကြောင်း သိရသည်။

“ဒီဒုတိယ အသုတ်မှာ စစ်ကောင်စီက အလွယ်တကူ စုဆောင်းလို့ မရလာတဲ့အခါ အရင်ကထက်ပိုပြီး အတင်းအကျပ် အင်အားသုံး စုဆောင်းလာမှာဖြစ်တယ်။ လူငယ်တွေ အတွက်လည်း ပိုပြီးထိတ်လန့်စေမယ့် အခြေအနေတွေ ဖြစ်လာနိုင်ပြီး အလုံးအရင်းနဲ့ ထွက်ခွာမှုတွေပိုပြီး ဖြစ်လာနိုင်ပါတယ်” ဟု BACS ပြောရေးဆိုခွင့်ရှိသူ ကိုမင်းထက်အောင်က ဆိုသည်။

စစ်ကောင်စီ၏ ပစ်မှတ်ထားခံရသည့် ဒေသများအဖြစ် ပထမအသုတ်၌ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဧရာဝတီ၊ ရန်ကုန်၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့တွင် လူဦးရေ အများဆုံး စုဆောင်းခံရပြီး မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်၊ ကချင်၊ မွန်၊ ရခိုင်၊ မကွေး၊ ဧရာဝတီတိုင်းအတွင်းက လူငယ်ပေါင်း ၂၂၀ ဦးထက်မနည်းသည် အတင်းအဓမ္မ တပ်သားသစ်များအဖြစ် စုဆောင်းခံရခြင်း (သို့မဟုတ်) ပေါ်တာဆွဲခံခဲ့ရကြောင်း BACS ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ဖိနှိပ်ချုပ်ခြယ်မှုများ၊ တရားမဲ့ ဖမ်းဆီးနှိပ်စက်မှု များနှင့် အခွင့်အလမ်း ပျောက်ဆုံးခြင်းကြောင့် လူငယ်အများစုသည် နေရပ်စွန့်ခွာပြီး ပြည်ပနိုင်ငံများသို့ ထွက်ခွာမှု များပြားခဲ့ရသည်။

ယခုအခါတွင်မူ စစ်ကောင်စီက ထပ်မံလုပ်ဆောင်လာသည့် စစ်မှုထမ်းဥပဒေကြောင့် လူငယ်များမှာ ယခင်ကထက်ပိုပြီး လုံးအရင်းဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြ ရကြောင်း သိရသည်။

“ဘာလို့ဆို ကျွန်တော်တို့ ရရှိထားတဲ့ သတင်းအချက်အလက်‌တွေအရဆို နာမည် စာရင်းပါတာနဲ့ မဲပေါက်တဲ့ လူငယ်တော်တော်များများ ထွက်ပြေးတိမ်းရှောင်နေကြပြီ။ အစီရင်ခံစာထဲ ပါတဲ့အတိုင်း စစ်မှုထမ်းဖို့ သူတို့ ကြေညာပြီးတဲ့နောက်မှာ လူငယ် တစ်သိန်း(၁၀၀,၀၀၀)ကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးဖို့ ကြိုးစာနေကြတယ်” ဟု BACS ပြောရေးဆိုခွင့်ရှိသူ ကိုမင်းထက်အောင်က ဆိုသည်။

ထိုစစ်မှုထမ်း ဥပေဒေ အတည်ပြုပြီးနောက် လူငယ်များသည် နည်းအမျိုးမျိုးဖြင့် နေရပ်စွန့်ခွာရန် ကြိုးစားနေကြသကဲ့သို့ တော်လှန်ရေး အင်အားစုများကလည်း စစ်မှုထမ်းရှောင် ပြည်သူများကို ချိတ်ဆက်ကူညီပေးနေကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ
ပုံစာ- စစ်မှုထမ်း အပတ်စဉ်(၁)အတွက် တပ်သားသစ် စုဆောင်းခံရသည့် လူငယ်များ
#စစ်ကောင်စီ #စစ်မှုထမ်းဥပဒေ #လူငယ်၅၀၀၀ဝန်းကျင် #တပ်သားသစ်စုဆောင်းခံရ #ဒုတိယအသုတ် #တပ်သားသစ်ခေါ်ယူ #ထပ်မံလုပ်ဆောင် #Ayeyarwaddy_Times