
ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ရက်
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက ယုတ်မာကောက်ကျစ်သော အကြံဆိုးဖြင့် လူမျိုးရေး ပဋိပက္ခများဖြစ်အောင်လုပ်ဆောင်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့ ဧပြီ ၂၁ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။
စစ်ကောင်စီက ရခိုင်တိုက်ပွဲများတွင် ရိုဟင်ဂျာများကို လက်နက်တပ်ဆင်ပေးကာ စစ်သင်တန်းများပေးပြီး တိုက်ခိုက်စေမှုများနှင့် အာရက္ခတပ်တော် (AA) ကိုဆန့်ကျင် ကြောင်း ဖိအားပေးဆန္ဒပြခိုင်းမှုများပြုလုပ်သည့်အပြင် ရခိုင်လူမျိုးများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်၍ ပဋိပက္ခအသွင်ဖန်းတီးနေသည့် စစ်ကောင်စီ၏ လုပ်ရပ် အပေါ် NUG ကထုတ်ပြန်လာခြင်းဖြစ်သည်။
စစ်အုပ်စုက လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် အတွင်း နေထိုင်ကြသည့် ရိုဟင်ဂျာများအား (တရားမဝင်အဓမ္မ) စစ်သားအဖြစ် စုဆောင်းခဲ့ပြီး စစ်သင်တန်းများ ပို့ချကာ လက်နက်များ တပ်ဆင်ပေးလျက် ရှိနေကြောင်းကို လေ့လာသိရှိရသည်ဟု NUG က ဆိုသည်။
အလားတူ စစ်ကောင်စီတပ်အား တော်လှန်တိုက်ပွဲဝင်နေသည့် အာရက္ခတပ်တော်ကို ရိုဟင်ဂျာများက ဆန့်ကျင်နေကြောင်း ထင်မှတ်မှားစေသည့် ဖိအားပေးစေခိုင်းမှုများနှင့် အတူ အတုအယောင် ဆန္ဒပြပွဲများ ကျင်းပစေကာ လူမျိုးရေး ပဋိပက္ခ အရှိန် မြင့်တက်လာအောင် ယုတ်မာကောက်ကျစ်သည့် အကြံဆိုးဖြင့် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့အပြင် ဘူးသီးတောင်မြို့အတွင်း အကြမ်းဖက်စစ်တပ်က ဦးဆောင်၍ အရပ်သား ပြည်သူများ၏ နေအိမ်အဆောက်အအုံများ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့အစည်းများ၏ ရုံးအဆောက်အအုံများကို မီးရှို့ခြင်း၊ ဖြိုချခြင်းနှင့် အကြမ်းဖက်မှုများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေကြောင်း သိရှိရသည်ဟု NUG က ဆိုထားသည်။
ရခိုင်ပြည်နယ်အတွင်းမှ ပြည်သူများ၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နေမှုကို ဖျက်လိုဖျက်ဆီး ပြုလုပ်နေကြသည့် အဖျက်အမှောင့်လုပ်ရပ်များကို NUG က ပြင်းထန်စွာရှုတ်ချကြောင်းထည့်သွင်းထုတ်ပြန်သည်။
ရခိုင်ပြည်နယ်အတွင်းနေ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ပြုလုပ်နေသည့် နိုင်ငံရေးလှည့်ကွက်များအား လူမျိုးစု အချင်းချင်းကြား ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ နားလည်သည်းခံမှုတို့ဖြင့် သတိထား ကျော်ဖြတ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အထူးအလေး အနက်ထား မေတ္တာရပ်ခံပန်ကြားလိုပါသည်ဟု NUGက ပြောကြားထားသည်။
ပုံစာ-ဘူးသီးတောင်တွင် AAအလိုမရှိကြောင်း ဆန္ဒပြနေသည့် မွတ်ဆလင်များ
#ဘူးသီးတောင် #စစ်ကောင်စီ #လူမျိုးရေးပဋိပက္ခ #ယုတ်မာကောက်ကျစ် #ဖန်တီး #Ayeyarwaddy_Times