ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်

ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်၏ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဥ် (၂) အတွက် စစ်မှုထမ်းရမည့် သင်တန်းသားအသစ်များကို ဒုတိယအသုတ်အဖြစ် ထပ်မံခေါ်ယူရန် စာရင်းစတင်ကောက်ယူ နေကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်း သင်တန်းအပတ်စဥ် (၂) ကို ဧပြီလ၂၅ ရက်၊ ဧပြီလ ၂၆ ရက်နေ့တို့တွင် စတင်စာရင်းကောက်ယူရမည်ဟု စစ်ကောင်စီက ညွှန်ကြားထားသော်လည်း စစ်ကောင်စီလက်အောက်ခံများသည် ဧပြီလ ၁၉ ရက်နေ့မှ စတင်၍ စာရင်းကောက်ယူ နေခြင်းဖြစ်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးထံက သိရသည်။

“စစ်ကောင်စီက စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး နောက်ဆုတ်ပေးမှာမဟုတ်ဘူး။ တစ်သုတ်ပြီး တစ်သုတ်ဆက်ပြီးခေါ်မှာ။ တချို့လူငယ်တွေလည်း လွတ်မြောက်ရာ ရှောင်နေကြတယ်။ မိဘဖြစ်သူတွေလည် တစ်ကြိမ်ခေါ်တိုင်း ခေါ်တိုင်း စိတ်ဆင်းနေကြ ရတာပေါ့ဗျာ” ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ဧရာဝတီ တိုင်းမ်ကိုပြောသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဥ် (၂) အတွက် လက်ရှိ ရန်ကုန်တွင် သန်လျင်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်အပြင် ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ် အချို့တွင်လည်း စစ်မှုထမ်း စာရင်းများကို စတင်ကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြောင်းအမျိုးမျိုးဖြင့် စုဆောင်ခံထားရသည့် လူငယ်အချို့ကို ရမည်းသင်း မြို့နယ် အမှတ် (၁) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းသို့ ပို့ဆောင်ကာ စစ်သင်တန်း ပေးနေပြီး လူငယ်အချို့ကို မိဘဖြစ်သူများက ပြီးခဲ့သည့် မတ်လပိုင်းက သိန်းထောင်ချီ ပေး၍ ရွေးယူခဲ့ကြရသည်။

မြန်မာပြည်ဒေသအနှံ့အပြားတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ နှင့် ရာအိမ်မှူးများက ၎င်းတို့၏ သားသမီးများနှင့် ပတ်သက်ဆက်နွယ်နေသူများကို စစ်မှုထမ်းဆောင်ရန် ချန်လှပ်ထားပြီး ၎င်းတို့နှင့် အဆင်မပြေသူအများစုကိုသာ စစ်မှုထမ်းဆောင်ရန် စာရင်းများထည့်ပေးနေကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ-စစ်မှုထမ်းသင်တန်း အပတ်စဥ် (၁) တွင် စစ်သင်တန်းတက်ရောက်ရန်အတွက် တပ်သားသစ်စုဆောင်းခံထားရသူများ

#ရန်ကုန် #စစ်မှုထမ်း #အပတ်စဥ်၂ #ဒုတိယအသုတ် #စစ်ကောင်စီ #စတင်စရင်းကောက် #Ayeyarwaddy_Times