
ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ ဧပြီ ၂၁ ရက်
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ကုန်းသာကျေးရွာကို ယမန်နေ့ ဧပြီ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ဝန်းကျင်တွင် စစ်ကောင်စီက အကြောင်းမဲ့ ဗုံး နှစ် လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ကလေးငယ် နှစ် ဦးအပါအဝင် ဒေသခံ ခြောက် ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ကုန်းသာရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်ကာ တပြိုင်နက် ဗုံးသီး နှစ် လုံး ကြဲချခဲ့သည့်အတွက် ဒေသခံနေအိမ်များ အပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် မိသားစုဝင် ခြောက်ဦးစလုံး သေဆုံးခဲ့ရပြီး ဒေသခံ ၂၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ကုန်းသာကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ နဲ့ဗုံးလာကြဲသွားတာဖြစ်ပါတယ်။ ကလေးသူငယ် နှစ်ဦး အပါအဝင် မိသားစုဝင် ခြောက် ဦးလုံးသေဆုံးသွားပါတယ်။ ကုန်းသာကျေးရွာက တိုက်ပွဲဖြစ်ပွားတဲ့ မိုးဗြဲနဲ့လည်း ဝေးပါတယ်။ လွိုင်ကော်မြို့နဲ့လည်း ဝေးပါတယ်။ မိုးဗြဲနဲ့ လွိုင်ကော်ကြားမှာ ရှိပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေနဲ့ ဝေးတဲ့ နေရာဖြစ်တယ်။ ပြည်သူတွေပြန်ရောက်နေထိုင်တဲ့ ကျေးရွာတွေဖြစ်တယ်” ဟု ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
သေဆုံးခဲ့ရသည့် မိသားစုဝင်ခြောက်ဦးမှာ ဦးလူ(၇၅) နှစ်၊ ဒေါ်ဇွမ်း(၆၅) နှစ် ၊ မညွန့် (၄၅) နှစ် ၊ မလေး(၃၅) နှစ်၊ မောင်တို့(၇) နှစ်)၊ မနေမ(၃) နှစ် တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် နှစ်လုံး တစစီပျက်စီးခဲ့ပြီး နေအိမ် ၁၀ လုံး ပြိုကျပျက်စီးခဲ့ကာ စုစုပေါင်း နေအိမ် ၃၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီသည် စစ်ရေးအရ ရှုံးနိမ့်နေသည့် ကရင်နီပြည်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများကို မကြာခဏ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။
ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီသည် ရှမ်း-ကရင်နီနယ်စပ်ရှိ ဖယ်ခုံ မြို့နယ်တစ်နေရာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စစ်ဘေးရှောင် ကလေးငယ် တစ်ဦးအပါအဝင် သုံး ဦးသေဆုံးခဲ့ပြီး ဒေသခံ ငါး ဦးထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း Karenni Human Rights Group ထံက သိရသည်။
ဓာတ်ပုံ – ပေးပို့၊ Karenni Human Rights Group (KnHRG)
ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးခဲ့ရသည့်နေအိမ်များ
#ကရင်နီ #ကုန်းသာ #လေကြောင်းတိုက်ခိုကိ #စစ်ကောင်စီ #ပေါင်၅၀၀ဗုံးကြဲ #ကလေးငယ်သေဆုံး #Ayeyarwaddy_Times