အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ ရက်

အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ် ကုန်သွယ်ရေးစခန်း တည်ရှိသည့် ရိဒ်-ဇိုခေါသာရ် ချစ်ကြည်ရေးတံတားကို လာမည့် မေလ ၁ ရက်နေ့တွင် အကန့်အသတ်မရှိ လုံးဝ ပိတ်သိမ်းတော့မည်ဖြစ်ကြောင့် ဒေသခံများထံက သိရှိရသည်။

အိန္ဒိယနိုင်ငံတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ပြုလုပ်ခဲ့သည့်အတွက် ဧပြီလ ၁၉ ရက်နေ့မှစ၍ နှစ်ရက်ကြာ ပိတ်ထားသည့် အိန္ဒိယ-မြန်မာနယ်စပ် ဖြတ်ကျော်ဝင်ထွက် သွားလာခွင့်ကို ဧပြီလ ၂၀ ရက်၊ မွန်းလွဲ ၁ နာရီတွင် အိန္ဒိယ အာသံ ရိုင်ဖယ် က ပြန်လည်ဖွင့်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ အိန္ဒိယ-မြန်မာနယ်စပ် ဖြတ်ကျော် ဝင်ထွက်သွားလာခွင့်ကို လာမည့် မေလ ၁ ရက်နေ့မှစ၍ အကန့်အသတ်မရှိ လုံးဝ ပိတ်သိမ်းတော့မည်ဖြစ်ပြီး မြန်မာပြည်ဘက်မှ မည်သူမျှ ရိဒ်-ဇိုခေါသာရ် နယ်စပ်တံတားကို ဖြတ်ကျော်ပြီး အိန္ဒိယဘက်သို့ သွားလာခွင့်ရတော့မည်မဟုတ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် Free Movement Regime-FMR ကို အပြီးပိတ်တော့မလားလို့ အာသံရိုင်ဖယ် တာဝန်ရှိသူတွေ မေးကြည့်တော့ သူတို့လည်း မသိဘူးလို့ပြောတယ်။ အချိန်ဘယ်လောက်ကြာကြာ ပိတ်မလဲပေါ့။ သူတို့လည်း အထက်အမိန့်ရ ပိတ်ခိုင်းတာလို့ဘဲ ပြောတယ်” ဟု မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဇိုခေါသာရ်ကျေးရွာ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧပြီလ ၂၀ ရက်နေ့က မြန်မာ-အိန္ဒိယနယ်စပ် ဖြတ်ကျော်ဝင်ထွက်သွားခွင့်ကို ပြန်လည်ဖွင့်ပေးလိုက်သော်လည်း ယခင်ပုံမှန်အတိုင်း ဝင်ထွက်သွားလာခွင့်မရတော့ဘဲ အကန့်သတ်ဖြင့်သာ သွားလာခွင်ရရှိတော့သည်။

“အရင်ကအတိုင်း သွားချင်လာချင်သလို မရတော့ဘူး။ အရေးပေါ် ကျန်းမာရေး၊ ကလေးတွေရဲ့ ပညာရေး၊ အရေးပေါ် ကိစ္စရှိမှသာ သွားလာလို့ ရတော့တယ်။ ကုန်ပစ္စည်း သယ်ယူရေးအပိုင်းမှာလည်း ဆေးဝါး၊ အခြေခံ စားသောက်ကုန်တွေလောက်ဘဲ သယ်ခွင့်ပြုတော့တယ်” ဟု ရိဒ်ခေါဒါရ်မြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိ အာသံ ရိုင်ဖယ် တပ်ဖွဲ့ဝင်များသည်အိန္ဒိယ-မြန်မာနယ်စပ် တစ်လျှောက်ရှိ မြန်မာဘက်ခြမ်းမှ ဝင်ရောက်လာနိုင်သည့် နေရာများတွင် လုံခြုံရေးအမြဲစောင့်ကြည့်ထားပြီး လုံခြုံရေးတင်းကြပ်ထားသည်။

#အိန္ဒိယ #မြန်မာ #နယ်စပ်ဂိတ်တံတား #အကန့်အသတ်မရှိ #ပိတ်တော့မည် #အာသံရိုင်ဖယ်တပ်ဖွဲ့ #Ayeyarwaddy_Times