ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်ရှိရေကြည်-ငါးသိုင်းချောင်း တံတားကိုစစ်ကောင်စီတပ်နှင့်မြို့နယ်စစ်ကောင်စီမှ ယမန်နေ့(ဧပြီ ၁၉) ညအချိန်ကစပြီး တံတားဖြတ်သန်းခွင့် ကို ယာယီပိတ်လိုက်ကြောင်းမြို့ခံများထံကသိရသည်။

“ ငါးသိုင်းချောင်းတံတားကိုသွားခွင့်ပိတ်လိုက်တယ်။ မနေ့ညက စစ်တပ်တွေ ကားတွေနဲ့မနည်းဘူး။ တံတားမှာဂိတ်ချပြီးကိုပိတ်လိုက်တာ။ မြို့နယ်ထွေအုပ် ကပါစာထုတ်ပြီးပိတ်လိုက်တယ်။ ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာလည်းမသိရဘူး “ဟု မြို့ခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းကဲ့သို့ တံတားဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်မှုကြောင့် ရေကြည်မှငါးသိုင်းချောင်းသို့သွားလာနေသည့် ကုန်တင်ယာဉ်များနှင့်ခရီးသည်များမှာငါးသိုင်းချောင်းတံတားအနီး၌ ပိတ်မိနေကာ သွားလာရန်အခက်ကြုံနေရကြောင်း ဒေသခံခရီးသည်ယာဉ်လိုင်းများထံကသိရသည်။

“ရေကြည်ကနေထွက်လာတဲ့ကားတွေဆိုင်ကယ်တွေ ကုန်တင်ယာဉ်တွေအကုန်တံတားမှာပိတ်မိနေတယ်။ခရီးသည်ယာဉ်တွေဆိုလည်းအခုဆိုဘယ်မှကိုသွားမရတော့ဘူး။အကုန်ဒုက္ခရောက်ကုန်တယ်”ဟု ရန်ကုန်-ရေကြည်-ငါးသိုင်းချောင်း ခရီးသည်ယာဉ်လိုင်းပြေးဆွဲသူတစ်ဦးကဆိုသည်။

အလားတူ ရေကြည်-ငါးသိုင်းချောင်း တံတားအား ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အချိန် ၃နှစ်နီးပါးပိတ်ထားခဲ့ရာမှ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လမှစပြီးပြန်လည်ဖွင့်လှစ်ခဲ့၍ နံနက် ၆နာရီမှည၈နာရီအထိသာ ဖြတ်သန်းသွားလာခွင့်ပြုထား သည်။

ထို့အပြင်တံတားပေါ်သို့ဖြတ်သန်းခွင့်အတွက် ကုန်တင်ယာဉ်နှင့်ခရီးသည်ယာဉ်တစ်စီးလျှင် ငွေကျပ် တစ်သောင်းမှ ငါးသောင်းကျပ်အထိ စစ်ကောင်စီတပ်မှကောက်ခံနေကြောင်း ဒေသခံများထံကသိရသည်။

#ရေကြည် #ငါးသိုင်းချောင်း #တံတား #ဖြတ်သန်းသွားလာခွင့်ပိတ်ထား #Ayeyarwaddy_Times