အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တွင် စစ်ကောင်စီ၏ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ ချင်းအမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အမ်းမြို့နယ်၊ ကြက်ရေစမ်းကျေးရွာတွင် ယမန်နေ့ ဧပြီလ ၁၉ ရက်၊ နေ့လည် ၁၁ နာရီခန့်တွင် စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ရွာအနီး ပုန်းခိုသည့် နေရာသို့ ကျရောက်ပေါက်ကွဲပြီး အရပ်သား ထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။

“အမ်းမြို့က စစ်ကောင်စီ တပ်ရင်းတွေကနေ ပစ်ခတ်တဲ့ လက်နက်ကျည် ရွာထဲက အရပ်သားတွေ ပုန်းခိုတဲ့ နေရာကို ကျပေါက်ကွဲသွားတယ်။ အဘိုး တစ်ယောက်က ပွဲချင်းပြီး သေဆုံးသွားတယ်။ နောက်ထပ် အမျိုးသမီး တစ်ဦးလည်း အသက်အန္တရာယ် စိုးရိမ်စရာ မရှိပေမယ့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်” ဟု ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်နက်ကြီးကျည် ထိမှန်၍ သေဆုံးသွားသည့် ချင်းအမျိုးသားသည် အသက် (၇၀) ဝန်းကျင်ရှိသည့် ဦးချောင်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသည့် အမျိုးသမီးသည် အသက် (၃၅) နှစ်အရွယ် ဒေါ်ပယုံဟု သိရသည်။

ကြက်ရေစမ်းကျေးရွာသည် အမ်း-ပဒါန်း လမ်းမပေါ်တွင် တည်ရှိပြီး အိမ်ခြေ ၃၀ ကျော်ရှိကာ ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ကလည်း အမ်းမြို့နယ်၊ အမ်းတောင်အုပ်စုတွင် ချင်းဓမ္မ အမှုတော်ဆောင် ဆရာမ တစ်ဦးသည် မြေမြှုပ်မိုင်း နင်းမိသောကြောင့် ခြေတစ်ဖက်ဆုံးရှုံးလိုက်ရပြီး ယနေ့ထိ ငဖဲမြို့နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေဆဲဖြစ်သည်။

#အမ်းမြို့နယ် #စစ်ကောင်စီ #လက်နက်ကြီးကျည် #ကျရောက်ပေါက်ကွဲ #အရပ်သားထိခိုက်သေဆုံး #အနောာက်မြောက်တိုင်းစစ်ဌာနချုပ် #Ayeyarwaddy_Times