
အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးအပါဝင် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။
ကန်ပက်လက်မြို့နယ်၊ အောက်ကန်အုပ်စုရှိ ကျေးရွာများတွင် ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးသီးအပါဝင် လေကြောင်းဖြင့် ဗုံးကြဲတိုက်သောကြောင့် အရပ်သား၊ စာသင်ကျောင်းနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ခြင်း ဖြစ်သည်။
“စစ်တပ်က ရဟတ်ယာဥ်နဲ့ အုံရွာအနီးမှာ တပ်အင်အား ချဖို့ လုပ်နေတာ။ CDF တွေက မြေပြင်ကနေ တိုက်ခိုက်ခဲ့လို့ တပ်အင်အား ချမရဘဲ ရဟတ်ယာဥ်က နောက်ပြန်လှည့်သွားတယ်။ ခဏအကြာမှာတော့ အနီးနား ကျေးရွာတွေမှာ လေယာဥ်နဲ့ ဗုံးကြဲပြီး သေနတ်နဲ့ပါ ပစ်သွားတယ်။ အရပ်သားတွေက ကြိုရှောင်ထားလို့ သေဆုံးမှု မရှိပေမယ့် သုံးယောက်လောက်က ထိသွားတယ် “ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီအနေဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စက်ကလေးနှင့်ပါ ပစ်ခတ်သောကြောင့် လွီးစုံကျေးရွာရှိ အသက် ကိုး နှစ်အရွယ်နှင့် ၁၃ နှစ်အရွယ် ကလေးငယ် နှစ်ဦးထိခိုက်ဒဏ်ရာရပြီး ကောက်ဆောင်းရွာမှ အသက်ကြီးပိုင်း တစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။
ယင်းအပြင် အုံကျေးရွာမှ စာသင်ကျောင်း တစ် လုံး၊ ဝန်ထမ်းအိမ်ရာ နှစ်လုံးနှင့် အရပ်သား နေအိမ် နှစ်လုံး ပျက်စီးသွားပြီး အုံရွာ၊ လွီးစုံရွာနှင့် ကောက်ဆောင်းကျေးရွာများမှ ဒေသခံ ပြည်သူ အယောက် ၃၀၀ ကျော်သည် ကျေးရွာအနီးပတ်ဝန်းကျင်တွင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ပုံစာ- စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုတွင်း ပျက်စီးသွားသည့် အုံရွာရှိ စာသင်ကျောင်းကို တွေ့ရစဥ်။
#ချင်းပြည် #ကန်ပက်လက် #လေကြောင်းတိုက်ခိုက်မှု #အရပ်သားထိခိုက် #Ayeyarwaddy_Times