ဧရာဝတီတိုင်းမ်

ဧပြီ ၂၀ ရက်

ကရင်ပြည်နယ်ရှိ ထိတွေ့တိုက်ပွဲများအပါအဝင် နေရာတစ်လျှောက်တွင် ပစ်ခတ်မှုများ ဖြစ်ပွားနေသည့်  မြဝတီစီးပွားရေးဇုန် ၊ အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် ဒရော့ဗုံး ပေါက်ကွဲမှုနှင့် တိုက်ပွဲများဖြစ်ပွားနေ၍ ကုန်ပစ္စည်းပို့ဆောင်သယ်ယူရာတွင် တစ်ပတ် ကျော်ကြာမြင့်မည်ဖြစ်ကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများထံက စုံစမ်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၀ ရက်နေ့က မြ၀တီမြို့  ခလရ -၂၇၅ တပ်ရင်းမှ စခန်း စွန့်ခွာထွက်ပြေးကာ အမှတ်(၂) ချစ်ကြည်ရေးတံတားအနီးတွင် ပုန်းခိုနေသော စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA) နှင့် ပြည်သူ ကာကွယ်ရေးတပ်မတော် (PDF)  ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဧပြီ ၂၀ ရက်နေ့ နံနက်အစောပိုင်းတွင် အပြီးသတ်စီးနင်းတိုက်ခိုက်ခဲ့သည်။

ထို့ကြောင့်  ယခုရက်ပိုင်းအတွင်းတိုက်ပွဲများ ပြင်းထန်လာနိုင်ကာ ကုန်စည်စီးဆင်းမှုများ ပိုမိုကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

“ကုန်ပစ္စည်းက ပို့လို့ရတယ်။ အရင်က ၃ ရက်လောက်နဲ့ ရန်ကုန် – မြဝတီ- မဲဆောက်ပို့ရင်ရောက်တယ်။ အခုက တစ်ပတ်တော့ကြာမယ် အနည်းဆုံးပဲ။ ဒီထက်လည်းကြာချင်ကြာနိုင်တယ်” ဟု ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းမှ တာဝန်ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံဘက်က စိုက်ပျိုးရေးသီးနှံများတင်ပို့လျှက်ရှိပြီး  ထိုင်းနိုင်ငံ ဘက်က လူသုံးကုန်ပစ္စည်းများအပါအဝင် ဆောက်လုပ်ရေးသုံးနှင့် လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းလျှက်ရှိကြောင်း သိရသည်။

စစ်ကောင်စီအတွက်အခွန်အများဆုံးရနေသော မြန်မာ – ထိုင်းနယ်စပ်ကုန်သွယ်မှု ကဏ္ဍတွင် မတ်လ ၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပို့ကုန် အမေရိကန်ဒေါ်လာ ၃၁၉ ဒသမ ၀၉၂ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၈၂၄ 

ဒသမ ၄၆၈ သန်း ကုန်သွယ်မှု ပမဏရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနထံက သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#မြဝတီစီးပွားရေးဇုန် #တိုက်ပွဲဖြစ်ပွား #ကုန်ပစ္စည်းပို့ဆောင်သယ်ယူ  #တစ်ပတ်ကျော် #ကြာမြင့်မည် #Ayeyarwaddy_Times