ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ ရက်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်တွင် ယမန်နေ့ ဧပြီ ၂၀ရက်နေ့ ညပိုင်းက စစ်ကောင်စီ တပ်မှပစ်ခတ်သည့် လက်နက်ကြီးသံများဖြင့်ဆူညံနေပြီး နောင်ချိုမြို့နယ် သရက်ကုန်းရွာ ဘက်တွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဧပြီ ၂၀ရက်နေ့ ည ၁၁နာရီခန့်ကစတင်၍ ၎င်းတို့ တပ်စွဲထားသည့် စစ်နည်းပညာတက္ကသိုလ် (DSTA) ကျောင်းနှင့် ညောင်ကုန်းရွာ ဘက်မှနေ၍ လက်နက်ကြီးများဖြင့် တော်လှန်ရေးတပ်ဖွဲ့များရှိသည့် သရက်ကုန်းရွာ ဘက်သို့ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများထံက သိရသည်။

“ည ၁၁လောက်ထဲက ပစ်နေတာ ဒီနေ့မနက်အထိ ပစ်နေတုန်းပဲ။ DSTA ကျောင်းထဲ ကရော၊ ညောင်ကုန်းမှာတပ်စွဲ ထားတဲ့ စစ်တပ်ကရော လက်နက်ကြီးနဲ့ပစ်နေတာ။ ဒီနေ့မနက် လေယာဉ်တွေပါ နောင်ချိုဘက်ကိုတက်သွားတယ်။ တိုက်လေယာဉ်တွေပါ သုံးနေတယ်” ဟု ပြင်ဦးလွင်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ယနေ့ ဧပြီ ၂၁ရက်မနက်ပိုင်းတွင် သရက်ကုန်းရွာရှိ ၎င်းတို့ အသိမ်းခံလိုက်ရသည့် စစ်စခန်းဟောင်းကို ပြန်လည်ရရှိရေးအတွက် လက်နက်ကြီး ပစ်ကူနှင့် လေကြောင်းပစ်ကူများပါ အသုံးပြုလာခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ် ရေးတပ်မတော် (မန္တလေး)သည် ပြီးခဲ့သည့် သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက်နေ့ နံနက်ပိုင်းက နောင်ချိုမြို့နယ် သရက်ကုန်းရွာရှိ စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အများအပြားဆုံးရှုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ သရက်ကုန်းရွာစခန်း သိမ်းဆည်းခံရသည့်အပြင် ပြင်ဦးလွင် စစ်တက္ကသိုလ် (DSA) နှင့် DSTAကျောင်းများကိုပါ ရှော့တိုက်ဒုန်းနှင့် ပစ်ခတ်ခံခဲ့ရ သည့်အတွက်ပြင်ဦးလွင်ရှိ လယ်ပြောင်းပြန်၊ ရွာသစ်နှင့် နံကပ်ရွာများကို စီးနင်းပိတ်ဆို့ပြီး ရွာအဝင်အထွက်လမ်းများကိုပါ အစစ်အဆေး တင်းကျပ်ခဲ့ကြောင်း သိရသည်။

“ဈေးထွက်ဝယ်တာကအစ အသေအချာမေးမြန်းပြီးမှခွင့်ပြုတယ်။ မသင်္ကာရင်ပေး မထွက်ဘူး။ ၁၅ရက်နေ့ကတည်းကရွာအဝင်အထွက်တွေပိတ်ထားတာ၊ ဒီနေ့အထိပါပဲ” ဟု ပြင်ဦးလွင်ဒေသခံ တစ်ဦးကပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် စစ်ခေါင်းဆောင်နှင့်အဖွဲ့ ပြင်ဦးလွင် တွင်လာရောက် ရေကစားမည်ဆိုခြင်းကြောင့် ပြီးခဲ့သည့် သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက်နေ့ ညပိုင်းက ပြင်ဦးလွင်ရှိ စစ်ခေါင်းဆောင်အိမ်နှင့် DSA၊ DSTAကျောင်းများ အတွင်းသို့ ရှော့တိုက်ဒုန်း များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ပုံစာ- သရက်ကုန်းရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားစဥ်

#ပြင်ဦးလွင် #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #သရက်ကုန်းရွာ #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times