
ဧရာ၀တီတိုင်းမ်
ဧပြီ ၂၀ ရက်
ကရင်ပြည်နယ်၊ မြ၀တီချစ်ကြည်ရေးတံတား အမှတ်(၂)တွင် စစ်ကူစောင့်ကာတပ်စွဲ နေထိုင်နေသည့် စစ်ကောင်စီ၏ ခလရ-၂၇၅ တပ်ရင်းမှ လက်ကျန်တပ်သားများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက အပြင်းအထန် စီးနင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် မြ၀တီ အမှတ် (၂) တံတားတွင် ပုန်းခိုနေသည့် စစ်ကောင်စီတပ်သားများကို ယနေ့ ဧပြီ ၂၀ ရက်နေ့ နံနက် ၅ နာရီ၀န်းကျင်ခန့်တွင် စတင်တိုက်ခိုက်ခဲ့ပြီး အပြီးသတ်ရှင်း လင်းနိုင်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“မနက်အစောပိုင်းထဲက ပစ်ခတ်မှုဖြစ်တာ။ ဟိုကောင်(စစ်ကောင်စီတပ်)တွေ ဘက်ကလည်း အာပီဂျီတွေ နဲ့ပြန်ထုတယ်။ လေကြောင်းကလည်း ပစ်ကူပေးတာရှိတယ်။ ထိုင်းဘက်ကလည်း လုံး၀ပေးမ၀င်ဘူး။ ခုအပြီးသတ်ရှင်းလင်း လိုက်နိုင်ပြီ” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
KNLA ပူးပေါင်းတပ်ဖွဲ့က ပုန်းခိုနေသည့် စစ်ကောင်စီ တပ်သားများရှိရာကို ဝိုင်းပတ် ပိတ်ဆို့ကာ ဒရုန်းဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့၍ စစ်ကောင်စီဘက်ကလည်း အာပီဂျီများ ဖြင့် ပြန်လှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီသည် လေကြောင်းမှနေ၍ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုင်းနိုင်ငံဘက်သို့ ကျည်များကျရောက်ခဲ့ကြောင်း သိရသည်။
ချစ်ကြည်ရေးအမှတ် (၂) တံတားတွင် ပုန်းခိုနေသည့် စစ်ကောင်စီတပ်သည် စစ်ကောင်စီ ၏ နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးစီမံချက်ဖြင့် စစ်ကူလာမည့် အင်အား ၅၀၀ ပါစစ်ကြောင်းကို စောင့်မျှော်ကာ လက်နက်မချဘဲ ပုန်းခိုနေခြင်းဖြစ်ကြောင်း သိရသည်။
KNLA ပူးပေါင်းတပ်သည် ပုန်းခိုနေသည့် စစ်ကောင်စီတပ်သားများကို ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နေ့ကလည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယမန်နေ့ ဧပြီ ၁၉ ရက်နေ့ ညပိုင်းတွင်လည်း ဒုတိယအကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကာ ယနေ့ ဧပြီ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ် ရှင်းလင်းခံရခြင်းဖြစ်ကြောင်း သိရသည်။
ခလရ- ၂၇၅ မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ ရက်နေ့ကစတင်ကာ စခန်းစွန့်ခွာထွက်ပြေးပြီး အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် ပုန်းခိုကာ လက်နက် မချဘဲ စစ်ကူစောင့်နေခဲ့ကြခြင်းဖြစ်သည်။
ဓာတ်ပုံ-မြဝတီချစ်ကြည်ရေး အမှတ် (၂)တံတား
#ကရင် #မြ၀တီ #ချစ်ကြည်ရေးတံတား #အမှတ်၂#စစ်ကောင်စီ #ခလရ၂၇၅ #အပြီးသတ်တိုက်ခိုက်#KNLA #ပူးပေါင်းတပ်ဖွဲ့ #Ayeyarwaddy_Times