
ဧရာ၀တီတိုင်းမ်
ဧပြီ ၂၀ ရက်
ကရင်ပြည်နယ်၊ မြ၀တီနှင့် ထိုင်းနယ်စပ်ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားအနီးတွင် တိုက်ပွဲအပြင်း အထန် ဖြစ်ပွားပြီးနောက် စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်၊ ဂျက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက် နေပြီး စက်သေနတ်များဖြင့်ပါ အဆက်မပြတ်ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ယနေ့ ဧပြီ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကရင်အမျိုးသားတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်း တပ်များက အမှတ် (၂) တံတားအနီးတွင် ပုန်းခိုနေသည့် စစ်ကောင်စီတပ်ဖွဲ့များကို ဒရုန်းဗုံးများဖြင့် ၀င်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက နယ်စပ်အနီးကိုလေ ကြောင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မနက် ၅ နာရီလောက်ကတည်းက စစ်တပ်ဘက်က အာပီဂျီတွေနဲ့ပစ်သလို လေယာဉ်တွေနဲ့လည်း ဗုံးလာ ကြဲလို့ တံတားနားကပြည်သူတွေ ရေပူရွာနဲ့ ဝါးတော ဘက်ကို စစ်ရှောင်ကြတယ်။ စစ်တပ်က ဒီနေ့ မနက် ၁၁ နာရီကျော်အထိ ရေပူရွာဘက်ကို လေယာဉ်အသုံး ပြုပြီး ဗုံးတွေရော စက်သေနတ်တွေနဲ့ပါ လာပစ်တယ်”ဟု မြ၀တီမြို့ပေါ်နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက အမှတ် (၂) တံတားအနီးတဝိုက်ကိုသာမက ပြည်သူများစစ်ရှောင်နေသည့် ရေပူရွာကိုပါ လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် သောင်ရင်းမြစ် တစ်ဖက်ကမ်းရှိ စစ်ရှောင်ပြည်သူများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးပုန်းရှောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် မြ၀တီသောင်ရင်းမြစ်ဘက်ခြမ်းမှ စစ်ရှောင်ပြည်သူ ၂၁၇ ဦးအထိ ထိုင်းဘက်သို့ ၀င်ရောက်လာကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြထားပြီး ထိုင်း၀န်ကြီးချုပ် ဆရက်သာ သာဗီဆင် (Srettha Thavisin)ကလည်း မြန်မာနှင့် ထိုင်းနယ်စပ်အနီး တိုက်ပွဲဖြစ်ပွားနေမှုအပေါ် ထိုင်းနိုင်ငံအတွက် အထူးပင်စိုးရိမ်လျက် ရှိကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“ငါတို့ရဲ့ နယ်နိမိတ်နဲ့ ငါတို့ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် ငါတို့ အဆင်သင့်ရှိတယ်။ တစ်ချိန်တည်းမှာပဲ လိုအပ်လာရင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ အဆင်သင့်ရှိပါတယ်” ဟု ဆရက်သာ သာဗီဆင် က ပြောကြားထားသည်။
ထို့ပြင် မြန်မာမှ ထိုင်းဘက်သို့ ထွက်ပြေးလာသည့် စစ်ရှောင်များကို ကူညီထားကာ တစ်ဖက်နှင့်တစ်ဖက်နီးကပ်သည့် နယ်ခြားစည်းနေရာတွင် တိုက်ပွဲဖြစ်ပွားနေမှုအပေါ် ထိုင်းနယ်အတွင်း တစ်ခုခုဖြစ်မည်ကို စိုးရိမ်သည်ဟု ထိုင်း၀န်ကြီးချုပ်က ဆိုထားသည်။
ဓာတ်ပုံ- ထိုင်းမီဒီယာများမှ ဖော်ပြထားသည့်ပုံများ
#ကရင် #မြ၀တီ #အမှတ်၂တံတား #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်ဗုံးကြဲ #စက်သေနတ် #ပစ်ခတ် #ဒေသခံများထွက်ပြေး #Ayeyarwaddy_Times