ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ လုမြန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် လုမြန်ကျေးရွာအနီးတွင် ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် KIA တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ၏ ခလရ-၅၈ မှနေ၍ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သည့်အတွက် လုမြန်ရွာရှိ ဒေသခံများ ထွက် ပြေးပုန်းရှောင်ရကြောင်း သိရသည်။

“လူမြန်ရွာထဲက စစ်ရှောင်တွေ လော်ဝေါ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းထဲမှာ ရှောင်ပုန်းနေရတယ်။ ဝါးရှောင်ရွာကနေ ထွက်လာတဲ့ တပ်ကို KIA က ပူးပေါင်း တိုက်ခိုက် တာလို့ သိထားတယ်။ လက်နက်ကြီးသံ လက်နက်ငယ်သံတွေတော့ ဆက်တိုက် ကြားနေရတယ်။ အထိအခိုက်အကျအဆုံးတော့ မသိရဘူး” ဟု ကချင်စစ်ရေးသတင်း ရင်းမြစ်ထံက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ ဧပြီ ၁၉ ရက်နေ့ တစ်ရက်တည်းတွင်ပင် ဖားကန့်နှင့် ညောင်ပင်ရွာကြားတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA တပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံးပြီး လေးဦး ဒဏ်ရာအပြင်းအထန်ရရှိကာ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် စစ်ကောင်စီဘက်မှ စစ်ကူနှင့်ထောက်ပို့ မပြုလုပ်နိုင်ရန်အတွက် ဖားကန့်နှင့် တနိုင်းလမ်းကြောင်းများကို ဖြတ်တောက်ထားပြီး ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းကို ထိန်းချုပ် ထားနိုင်ကြောင်း သိရသည်။

ထို့အပြင် ဂန့်ဂွန်အခြေစိုက် ခစတ-၁၀၀၁ ကွပ်ကဲမှုနယ်မြေများမှ မျော်ဂျောင်၊ မျောဇန်ကူး၊ ငါးမောဇွပ်စခန်းများကို KIA က သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

#ကချင် #ဝိုင်းမော် #ဖားကန့် #စစ်ကောင်စီ #KIA#တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times