
ဧရာဝတီတိုင်းမ်
(မြစ်ကြီးနား)၊ ဧပြီ ၂၀ ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနား အကျဉ်းထောင်တွင် ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့က အကျဉ်းသားများ ဆန္ဒပြမှုဖြစ်စဉ်တွင် စစ်ကောင်စီက အင်အားသုံး၍ သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ရာ အကျဉ်းသား လေး ဦး သေဆုံးခဲ့ပြီး ငါး ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက်(PPNM) ထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့်စစ်သား အင်အား ၇၀ ဝန်းကျင်ပါ ယာဉ်တန်း ငါး စီးသည် မြစ်ကြီးနားအကျဉ်းထောင်သို့ ဝင်ရောက်၍ အကျဉ်းသားများ ဆန္ဒပြမှုကို သေနတ်ဖြင့်ပစ်ခတ်ဖြို့ခွင်းခဲ့ရာ နိုင်ငံ ရေးအကျဉ်းသားတစ်ဦး အပါအဝင် အကျဉ်းသား လေး ဦးသေဆုံးခဲ့ပြီး သေဆုံးသူများနှင့် ဒဏ်ရာပြင်းထန်သူများကို ဆေးရုံသို့ ပို့ဆောင်ခြင်းမပြုဘဲ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝင်း အတွင်းသို့ပို့ဆောင်ထားကြောင်း သိရသည်။
“လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံ ရဲရော စစ်တပ်ရော အကျဉ်းဦးစီးရော လုံခြုံရေးကို တိုးချထားတာဖြစ်တဲ့အတွက် သတင်းတွေက အမှောင်ချခံထားရတာ ဖြစ်တယ်။ မြေပြင်မှာ ဒီထက်ပိုပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့သူ အနည်းဆုံး ငါး ဦးမှာရှိတယ်။ သေလုဆဲဆဲဖြစ်နေတဲ့သူရှိတယ်လို့လည်း ကျွန်တော်တို့ သိထားရတယ်။ လက်ရှိ အနေအထားမှာရော ဆန္ဒပြရတဲ့ အကြောင်းအရင်းတွေထဲမှာလျော့ရက်ပါ ပါရင် လွတ်ရမယ့်သူတွေကို မလွှတ်ပေးတဲ့ အကြောင်းအရင်းကလည်း တစ်ခုပါတယ်” ဟု PPNM မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အကျဉ်းသား ၁၀ ဦးကျော်မှာလည်း ဆေးကုသရန် အရေးပေါ်လိုအပ်နေကြောင်းသိရပြီး ယမန်နေ့ ဧပြီ ၁၉ ရက်နေ့ ညနေပိုင်းအထိ ဒဏ်ရာရအကျဉ်းသားများကို မီးသတ်ကားများဖြင့် မြစ်ကြီးနား အကျဉ်း ထောင်အတွင်းမှ သယ်ထုတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်ကောင်စီပေးသည့် လျော့ရက်ခံစားခွင့် ခြောက်ပုံတစ်ပုံတွင် အကျုံးဝင် သော်လည်း လွတ်မြောက်သည့်အထဲတွင် မပါဝင်သည့်အတွက် အကျဉ်းသားများနှင့် အကျဉ်းဦးစီးဝန်ထမ်းများ အချေအတင် စတင်ဖြစ်ပွားရာမှ ထောင်တွင်းဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဆန္ဒပြမှုကို စစ်ကောင်စီက အင်အားသုံးဖြိုခွင်းခဲ့ပြီး မြစ်ကြီးနားအကျဉ်း ထောင်တွင် လက်ရှိအချိန်အထိ လုံခြုံရေး တိုးမြှင့်ချထားကြောင်း သိရသည်။
ဓာတ်ပုံ – မြစ်ကြီးနား အကျဉ်းထောင်
#မြစ်ကြီးနားထောင် #အကျဉ်းသား #ဆန္ဒပြ#အကျဉ်းသားသေဆုံး #စစ်ကောင်စီ #အင်အားသုံးပစ်ခတ် #Ayeyarwaddy_Times