ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၏   ပြည်တွင်း ပြည်ပ မီဒီယာ သမားများအတွက် မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်အပေါ်  အထွေထွေအတွင်း ရေးမှူး ခူးပလုရယ်နှင့် မေးမြန်းခြင်း (အင်တာဗျူး)

=====================

“မီဒီယာက အင်မတန်မှ အရေးကြီးတဲ့ မဏ္ဍိုင်တစ်ခုဖြစ်တယ် ဆိုတာ ကျွန်တော်တို့ သဘောပေါက် လက်ခံထားတယ်။ လုံခြုံရေးဆိုင်ရာ သတိထားရမယ့် အခြေအနေ ကြောင့်မို့ ဒီဟာလေးကို ကျွန်တော်တို့ ညှိနှိုင်းဖို့ စိစစ်ဖို့ဖြစ်တယ်။ ပိတ်ပင်တာမျိုး မဟုတ်ပါဘူး” 

နိုင်း/ဧရာဝတီတိုင်းမ်

ဧပြီ ၁၉ ရက်

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) သည်  ကရင်နီပြည်နယ်သို့ ရောက်ရှိလာကြသည့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများအပါအဝင် အလွတ်တန်း သတင်းထောက်များအတွက် မီဒီယာနှင့် စပ်ဆိုင်သော ကျင့်ဝတ်များနှင့် စပ်လျဥ်း၍  လိုက်နာဆောင်ရွက်ရမည့် အချက် ၇ ချက်ပါ  မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက် တစ်စောင်ကို ပြီးခဲ့သည့် ဧပြီ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ 

ထိုသို့ ထုတ်ပြန်မှုနှင့် ပတ်သက်၍ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) အထွေထွေ အတွင်းရေးမှူး ခူးပလုရယ် ကို ဧရာ၀တီတိုင်းမ် သတင်းထောက် နိုင်း က ဆက်သွယ်မေးမြန်းခဲ့သည်။

26ab.pngဧရာဝတီတိုင်းမ်။ ။သတင်းမီဒီယာသမား တွေအတွက် အခုလိုမျိုးထုတ်ပြန်ချက် ထုတ်ရတဲ့ အကြောင်းအရင်းကို ပြောပြပေးလို့ရမလား။

1f534.pngIEC။ ။နံပါတ်တစ်အနေနဲ့ အခုက ပိုပြီးတော့မှ ရှုပ်ထွေးလာတယ်။ စပ်ကူးကာလ ဖြစ်သလို ပိုပြီးတော့မှ ရှုပ်ထွေးမှုဖြစ်လာတယ်။ တနည်းအားဖြင့် လုံခြုံရေးအရကော တခြားသောနယ်မြေနဲ့ပတ်သက်တဲ့ ကူးလူးဆက်ဆံမှုတွေကို နဲနဲလေး ခွဲခြားစိတ်ဖြာမှု ခက်တဲ့ အခြေအနေတွေလည်းရှိလာတယ်။ သတင်းမီဒီယာလို့ပြောတဲ့အခါ နိုင်ငံတကာ သတင်းမီဒီယာတချို့ အဖွဲ့အစည်းတွေနဲ့ လာတာရှိတယ်။ ကရင်နီ အခြေစိုက်မဟုတ်တဲ့ ပြည်တွင်းသတင်းမီဒီယာလည်းရှိတယ်။ တချို့ကလည်း အလွတ်လာတာလည်းရှိတယ်။ နောက်ပြီးရင်တော့ မီဒီယာလား၊ ဘယ်သူလဲ၊  ဘယ်အဖွဲ့လဲဆိုတာကို identify လုပ်ဖို့ ခက်တဲ့ အခြေအနေမျိုးတွေလည်းဖြစ်လာတယ်။ 

နယ်စပ်ကတစ်ဆင့် ၀င်လာတဲ့အခါမှာ တစ်ဖက်နိုင်ငံက ဒီအပေါ်မှာ ဖိအားပေးတာ မျိုးတွေလည်းဖြစ်တယ်ပေါ့။ တချို့ ပြည်တွင်းမှာ စစ်ရှောင်တွေလည်းရှိတယ်ပေါ့။ စစ်ရှောင်အရေးကိုလည်း လုံခြုံ‌ရေးအရ ဂရုစိုက်ပေးရတာရှိတယ်။ အဲ့လိုဆိုတော့ သတင်းမီဒီယာတွေနဲ့ပတ်သက်လို့ဖြစ်စဉ်တွေ သတင်းရယူတဲ့အခါမှာ အပြင်ကနေ ပြည်တွင်း၀င်လာတဲ့အခါ စနစ်တကျဖြစ်ဖို့ အပြန်အလှန်ပူးပေါင်းဆောငါရွက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်တာဖြစ်တယ်။

26ab.pngဧရာဝတီတိုင်းမ်။ ။အခုဆိုရင် စစ်ကောင်စီလက်အောက်ခံ မဟုတ်တဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)၊ လွတ်လပ်တဲ့ သတင်းစာဆရာများ အစည်းအရုံး (IMJA) စတဲ့ အဲ့ဒီလို အဖွဲ့အစည်းဒတွေလည်း ရှိပါတယ်။ IEC အနေနဲ့ သူတို့တွေကိုကော ဆက်သွယ် အသိပေးဖို့ ရှိမလား။

1f534.pngIEC။ ။သတင်းကောင်စီတွေနဲ့ ချိတ်ဆက်ဖို့ အတူလုပ်ကိုင်ဖို့ကရှိပါတယ်ဗျ။ အကြမ်းဖျင်း လည်း စကားပြောထားတာတွေရှိပါတယ်။ ကျွန်တော်တို့ ဘယ်လိုပဲဖြစ်ဖြစ် အတူတကွ ပူးပေါင်းဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။ သတင်းလွတ်လပ်ခွင့်ဆိုတာကို သတင်းမီဒီယာ ကောင်စီတွေနဲ့ ချိတ်ဆက်ညှိုနှိုင်းပြီးမှ အကောင်းဆုံး ဘယ်လိုလုပ်ရမလဲပေါ့။ သတင်းမီဒီယာဆိုတာကလည်း တန်ဖိုးရှိတဲ့ မဏ္ဍိုင် တစ်ခုဖြစ်တယ်။ ဒါကြောင့် လွတ်လပ်စွာဆောင်ရွက်ဖို့လိုတယ်ပေါ့။ ဒီအပေါ်မှာလည်း ကျွန်တော်တို့က ဆက်သွယ် ချိတ်ဆက်ဆောင်ရွက်နေပါတယ်ဗျ။

26ab.pngဧရာဝတီတိုင်းမ်။ ။ IEC က ညွှန်ကြားတဲ့ လိုက်နာရမယ့်စည်းကမ်းတွေမှာ အချို့အရာ တွေက လွတ်လပ်စွာ သတင်းရယူခွင့်ကို ကန့်သတ်တာ၊ ပိတ်ပင်တာတွေ ရှိတယ်လို့  မီဒီယာသမားတွက ပြောဆိုနေကြတာ တွေရှိတဲ့အပေါ် IEC အနေနဲ့ရော ဘယ်လို ပြောပြချင်ပါလဲ။

1f534.pngIEC။   ။ပိတ်ပင်တာ မဟုတ်ပါဘူးဗျ။ လွတ်လွတ်လပ်လပ်လည်းသတင်းယူခွင့်ရှိ ပါတယ်။ စိစစ်မှုတွေကလိုလာတယ်ပေါ့ အပြန်အလှန်လေးစားမှုပါ။ ဘယ်အဖွဲ့က ဘယ်မှာ သတင်းယူမလဲ၊ ဘယ်မှာ အခြေစိုက်မလဲဆိုတဲ့ဟာမျိုးတွေပါပဲ။ သတင်းရယူတဲ့ အခါကတော့ လွတ်လွတ်လပ်လပ်ရယူပိုင်ခွင့်ရှိပါတယ်။ သို့သော် လုံခြုံရေးအရ စစ်ကာလဖြစ်တဲ့အတွက် သတိထားရမယ့် ကိစ္စတွေရှိတယ်ပေါ့။ စစ်ရေးတွေ စစ်ရေးနဲ့ ယှက်နွယ်ပြီးတော့မှဖြစ်ပေါ်လာတဲ့ လုံခြုံရေးကိစ္စရပ်တွေကို သတိထားပြီး ဆောင်ရွက် ရတဲ့ အနေအထားမျိုးဖြစ်တဲ့အခါကျတော့ ဒါတွေကိုပိုပြီးတော့မှ ကောင်းမွန်အောင် လုပ်တဲ့ဟာမျိုးပဲဖြစ်တယ်။ မီဒီယာက အင်မတန်မှ အရေးကြီးတဲ့ မဏ္ဍိုင်တစ်ခုဖြစ်တယ် ဆိုတာ ကျွန်တော်တို့ သဘောပေါက် လက်ခံထားတယ်။ အဲ့ဒီလုံခြုံရေးဆိုင်ရာ သတိ ထားရမယ့် အခြေအနေကြောင့်မို့ ဒီဟာလေးကို ကျွန်တော်တို့ ညှိနှိုင်းဖို့ စိစစ်ဖို့ဖြစ်တယ်။ ပိတ်ပင်တာမျိုး မဟုတ်ပါဘူး။

26ab.pngဧရာဝတီတိုင်းမ်။ ။မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက် နံပါတ် ၅ မှာ ပါတဲ့ အချက်ပေါ့။ အဲ့ဒီမှာ သတင်းမီဒီယာကို ထိန်းချုပ်တာမဟုတ်ဘဲ လွတ်လွတ်လပ်လပ် သတင်းရယူခွင့် ရှိတယ် ပြောထားပေမယ့် ကရင်နီရဲ့ စစ်ဆင်ရေး ၊ အုပ်ချုပ်ရေးကို ထိပါးရင် တားမြစ် တယ်လို့ ဆိုထားတော့ လွတ်လပ်စွာ သတင်းရယူခွင့် နဲ့ ရေးသားခွင့်အပေါ် ထိခိုက်နိုင် မလား။

1f534.pngIEC။ ။စစ်ဆင်ရေးလို့ပြောတဲ့ခါကျရင် သူတို့မှာလည်း လျို့၀ှက်ရမယ့်ဟာ‌တွေ တချို့ နယ်မြေတွေမှာ မသွားရတဲ့ ကန့်သတ်နယ်မြေတွေ အဲ့လိုသတ်မှတ်ထားတာတွေရှိတယ်။ ဒီဟာတွေနဲ့ပတ်သတ်ပြီးတော့မှ အပြန်အလှန်နားလည်မှု လေးစားသမှုနဲ့ လုပ်တဲ့ဟာပါပဲ။ ကရင်နီပြည်ကို “သတင်းလာမယူရ” ‌ဆိုတဲ့ ကန့်သတ်ချက်လည်းမရှိဘူး။ ဒါပေမယ့် စစ်ဆင်ရေးတော်လှန်ရေးတပ်ပေါင်းစုက သူတို့မှာ သတ်မှတ်ထားတဲ့ ခံယူချက်တွေ ရှိနိုင်တယ်။ ဒါတွေကိုလည်း ‌လေးစားလိုက်နာဖို့ ဆိုတဲ့ဟာလည်းရှိပါတယ်။ 

သတင်းလွတ်လပ်ခွင့်ပြောတဲ့ အခါကျရင် သတင်းလွတ်လွတ်လပ်လပ် ယူနိုင်တဲ့အနေ ထားမျိုးလည်းရှိနိုင်သလို စစ်ရေးနဲ့ ပတ်သက်လာရင်တော့ စစ်ရေးနဲ့ပတ်သတ်တဲ့ လျှို့ဝှက်ချက်တွေ ကန့်သက်ချက်တွေ ရှိတယ်ဆိုတာ အဲ့ဒါလေးကိုတော့ သတိပြု ပေးဖို့ဆိုတဲ့ အချက်မျိုးကိုပိုပြီးတော့မှ စောင်း(ဇောင်း) ပေးပြောတာမျိုးဖြစ်ပါတယ်။

26ab.pngဧရာဝတီတိုင်းမ်။ ။သက်ဆိုင်ရာ သတင်းမီဒီယာ ယူနီဖောင်းဝတ်ရမယ် ဝန်ထမ်းကတ် ပြရမယ်ဆိုတာက ဘယ်လိုမျိုး ဆိုလိုတာလဲ။ ဥပမာ-အလွတ်တန်း သတင်းထောက် တွေလည်း ရှိနေတော့လေ။

1f534.pngIEC။ ။သတင်းရယူတဲ့အခါ တစ်ခါတလေ တချို့နေရာတွေမှာကျတော့လည်း တကယ်ပဲ ဒီသတင်းဌာနရဲ့သတင်းထောက် သတင်းသမားဖြစ်သလားဆိုတာ တစ်ခါတလေကျရင် ပြည်သူဘက်ကဖြစ်စေ၊ တပ်ပေါင်းစုဘက်ကဖြစ်စေ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးဘက်ပဲ ဖြစ်ပစေ မေးမြန်းတာရှိနိုင်ပါတယ်။ အဲ့လိုအခြေအနေမျိုးမှာ လိုအပ်ရင်တော့ မိတ်ဆက်တာဖြစ်စေ ဒီသတင်းဌာနရဲ့ သတင်းထောက်ဖြစ်ကြောင်းဆိုတာလေးတွေပါပဲ။

နောက်ပြီး ယူနီဖောင်းလို့ပြောတဲ့အခါကျတော့လည်း သတင်းမီဒီယာတစ်ခုစီမှာ သတ်မှတ်ထားတဲ့ ယူနီဖောင်း (သို့မဟုတ်) ရင်ထိုးလား ရှိနိုင်ပါတယ်။ ဒီဟာတွေကို ဝတ်ပေးနိုင်တယ်၊ တပ်ပေးနိုင်တယ်ဆိုရင်တော့ပိုကောင်းတာပေါ့နော်။ အဲ့ဒီအချက်ကို ဆိုလိုချင်တာဖြစ်ပါတယ်။ အလွတ်တန်းသတင်း ထောက်လို့ပြောတဲ့အခါကျတော့လည်း ခုနကပြောတဲ့ ဝတ်စုံတွေ ကတ်တွေရှိချင်မှလည်း ရှိမှာပေါ့နော်။ သို့သော်လည်း Identify လုပ်ပေးရလို့တဲ့ အခြေအနေ တစ်ခုကို လုပ်ပေးရင်တော့ နှစ်ဦးနှစ်ဖက်အတွက် ပိုရှင်းတယ်ပေါ့။ အဲ့ဒီလိုမျိုးကိုဆိုလိုတာဖြစ်ပါတယ်။

26ab.pngဧရာဝတီတိုင်းမ်။ ။ဟုတ်ကဲ့ ကရင်နီပြည် စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ထိပါး စေသည့်လုပ်ရပ်ကို တားမြစ်တယ်ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး အကျယ်ရှင်းပြ ပေးလို့ရမလား။

1f534.pngIEC။ ။အဲ့ဒီတချက်ကတော့ အရမ်းရှုပ်ထွေးနေတဲ့အခြေအနေပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် လူအ၀င်အထွက်က တစ်ခါတလေကျရင် ထိန်းချုပ်ဖို့ခက်တဲ့ အနေအထား ဖြစ်သွားတယ်။ မည်သူမည်ဝါ ဆိုတာလည်း တစ်ခါတလေ ကျရင် အရမ်းခွဲခြားဖို့ ခက်သွားတယ်။ ဒါကြောင့်တချို့တွေက အယောင်ဆောင်ပုံစံမျိုးနဲ့ လာတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါကို လူထုဖက်က ပြောတာလည်းရှိတယ်။ ဒါ ဘယ်သူ့ကိုမှ ရည်ရွယ်တာ မဟုတ်ဘူး။ တခါတလေ ကျရင်လည်း identify လုပ်ဖို့ခက်တဲ့ ဟာတွေရှိတယ်။ 

များသောအားဖြင့် ကရင်နီပြည်ကိုလာတဲ့ သတင်းမီဒီယာတွေ၊ ပြည်သူ့ သတင်းထောက်တွေ ကတော့ တကယ်ပဲ respect ပေးပြီး ဆောင်ရွက်တာ များပါတယ်။ ဒီသက်ဆိုင်ရာ အင်အားစုတွေ သက်ဆိုင်ရာ အုပ်ချုပ်ရေးတွေကို ချိတ်ဆက်ပြီး နေတာများပါတယ်။ ဒါပေမယ့် တချို့နေရာလေးတွေမှာကတော့ နဲနဲလေး အခက်အခဲ တွေရှိတယ်။ ခုနက ပြောတဲ့ မည်သူမည်ဝါမှန်းမသိဘူးဆိုပြီး ပြောဆိုတဲ့  မှတ်ချက် ပြုတာတွေရှိတယ်။ ဒါတွေက ဒီတော်လှန်ရေးကာလမှာက အန္တရာယ်များနိုင်တဲ့ အခြေအနေဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီအချက်ကို သတိထားပြီးတော့မှ အားလုံးကို ဝိုင်း၀န်းဆောင်ရွက်ဖို့ ကြပ်မတ်ပေးဖို့ ဆိုတာမျိုးပါပဲ။ အဓိကကတော့ ဒီတော်လှန်ရေးကို ပိုပြီး‌တော့ အားရှိအောင် အထောက်အပံ့ဖြစ်ဖို့ဆိုတဲ့အနေအထားမျိုးကိုပဲ ပိုရည်ရွယ်တာ ဖြစ်ပါတယ်ဗျ။

26ab.pngဧရာဝတီတိုင်းမ်။ ။တကယ်လို့ IEC က ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာမှုမရှိရင် ဘယ်လို အရေးယူမှုတွေအထိ ရှိလာနိုင်မလဲဆိုတာ ပြောပြပေးလို့ ရမလား။

1f534.pngIEC။ ။ကျွန်တော်တို့အဓိကကတော့ အပြန်အလှန်ညှိနှိုင်းဖို့ပေါ့နော် အဲ့တာမျိုးကိုပဲ ပိုပြီး အားပေးပါတယ်။ အရေးယူမှုပြုတယ်ဆိုတဲ့ကိစ္စတွေကလဲ မလွှဲမရှောင်သာတဲ့ ကိစ္စတွေက လွဲရင် ကျန်တဲ့ဟာတွေကတော့ ဘယ်လိုပဲပြောပြော ညှိနှိုင်းပြီး တော့ပဲဆောင်ရွက်သွားတာအကောင်းဆုံးပေါ့နော်။ စေ့စပ်ညှိနှိုင်းတယ်လို့ပြောတဲ့အခါ ကျွန်တော်တို့ ဒီမှာသတင်းရယူတာပဲဖြစ်ဖြစ် အပြန်အလှန်ညှိနှိုင်းပြီးတော့မှ ဆောက်ရွက် တာမျိုးတွေဆိုရင် ပိုပြီးတော့မှ ကောင်းတဲ့သဘောမျိုးကို ပြောတာဖြစ်တယ်။ အဓိက ကတော့ ပိုပြီးမှ အချိတ်အဆက်‌ပိုကောင်းအောင်လုပ်စေချင်တဲ့ သဘောပါ။ 

အချုပ်အားဖြင့်ပြောရရင် ကရင်နီမှာက တောက်လျှောက် သတင်းမီဒီတွေက လွတ်လွတ် လပ်လပ်နဲ့ အဖြစ်မှန်တွေကိုရေးသားတင်ပြပေးတဲ့ဟာတွေက အင်မတန်မှ အကျိုးရှိခဲ့ ပါတယ်။ တော်လှန်ရေးအတွက်လည်း အများကြီးအကျိုးရှိခဲ့တဲ့ဟာတွေဖြစ်ပါတယ်။ ဒီအနေအထားမျိုးမှာ သတင်းမီဒီယာတွေရဲ့ အရေးပါမှုကလည်း ဘယ်လိုပဲဖြစ်ဖြစ် မလွဲမသွေ အသိအမှတ်ပြုရမယ့် ပေါင်းစပ်ညှိနှိုင်းမှု ပြုရမယ့်မဏ္ဍိုင်တစ်ခုဖြစ်တယ်။ တစ်ခါတစ်လေကျရင် ကျွန်တော်တို့ဘက်ကလဲ ဖော်ပြချက်တွေလုပ်တဲ့အခါ တချို့သော စကားလုံးတွေက ဒွိဟဖြစ်စေနိုင်တဲ့ အထင်အမြင်မှားစေနိုင်တဲ့ ဖော်ပြမှုတွေလဲ ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ဒီဟာက ပိုပြီးတော့မှစနစ်ကျတဲ့ ပူးပေါင်း လုပ်ဆောင်မှုအားကောင်းတဲ့ အနေအထားမျိုးနဲ့ တော်လှန်ရေးကို အထောက်အပံ့ ဖြစ်စေနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီအနေအထားမျိုးကိုပဲ ရည်ရွယ်ပြီးမှ ထုတ်ပြန်ခဲ့ တာမျိုးဖြစ်ပါတယ်။

26ab.pngဧရာဝတီတိုင်းမ်။ ။အခြား ဖြည့်စွက်ပြောလိုတာ ရှိရင် ပြောကြားပေးပါဦး။

1f534.pngIEC။ ။ကျွန်တော့်အနေနဲ့အဲ့လောက်ပဲ ပြောချင်ပါတယ်ဗျ။

ဟုတ်ကဲ့..အခုလို ဖြေကြားပေးမှုအပေါ် ကျေးဇူးတင်ပါတယ်ရှင့်။ 

#IEC #ပြည်တွင်းပြည်ပမီဒီယာသမားများ #မီဒီယာကျင့်ဝတ်ဆိုင်ရာညွှန်ကြားချက် #အထွေထွေအတွင်း ရေးမှူး #ခူးပလုရယ် #အင်တာဗျူး #Ayeyarwaddy_Times