ဧရာ၀တီတိုင်းမ်
ဧပြီ ၂၀ ရက်

ကရင်ပြည်နယ်၊ မြ၀တီမြို့ ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် အမှတ် (၂) ချစ်ကြည်ရေး တံတားအနီးသို့ တပ်ရင်းစခန်း စွန့်ခွာ၍ ထွက်ပြေးလာသည့် စစ်ကောင်စီ၏ ခလရ -၂၇၅ မှ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒုတိယအကြိမ် ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“အဲဒီကောင်တွေ(စစ်ကောင်စီတပ်)ကို လက်နက်ချဖို့ ၁၈ ရက်နေ့ကတည်းက သတိ ပေးထားပြီးသားပါ။ အချိန်ပေးပြီးမှ တိုက်ခိုက်ခဲ့တာပါ။ နယ်စပ်နားမှာဆိုတော့ စစ်မဖြစ် လောက်ဘူးလို့ တွက်နေကြပုံပဲ။ သေတာအတော်များပါတယ်”ဟု မြေပြင်ရှိစစ်ရေး သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ‌ပြောသည်။

အဆိုပါ ခလရ ၂၇၅ မှ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ချရန် သတိပေးပြောဆိုမှုများ ရှိခဲ့သော် လည်း လက်နက်ချခြင်း မရှိသည့်အတွက် ယမန်နေ့ ဧပြီ ၁၉ ရက်နေ့တွင် KNLA က စတင်ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမှတ် (၂) တံတားအနီး၌ ပေါက်ကွဲမှု ဖြစ်ပွား၍ မီးတောက်အချို့ ထွက်ပေါ်လာသည့် ရုပ်သံ ဖိုင်တစ်ခုလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရသည်။

စစ်ကောင်စီသည် ကော့ကရိတ်-အာရှလမ်းမကြီးမှ‌နေ၍ တပ်ကူအင်အားအများအပြားဖြင့် ကရင် ပြည်နယ်သို့ စစ်ကြောင်းထိုး ၀င်ရောက်လာသော်လည်း လမ်းခုလတ်တွင် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခြင်းခံနေရသည့်အတွက် ရက်အတော်ကြာသည်အထိ ရောက်ရှိလာခြင်းမရှိဘဲ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကာ လေကြောင်းမှ ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီနှင့်ကျားဖြူစစ်ကြောင်းတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများရှိကာ စစ်ကောင်စီဘက်မှ လေကြောင်း အသုံးပြုတိုက်ခိုက်ခဲ့၍ ကော့ကရိတ်မြို့ပေါ်တွင် နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီသည် မြ၀တီမြို့ပြန်လည်ရရှိရေးအတွက်ဟုဆိုကာ “အောင်ဇေယျ” စစ်‌ဆင်ရေးအမည် ဖြင့် အာရှလမ်းမကြီးသို့ ထိုးစစ်ဆင်၀င်ရောက်လာသည့်ကို KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်မှုများပြုလုပ်နေသည့်အတွက် ရှေ့ဆက်မတိုးနိုင်ဘဲရှိနေကြောင်း သိရသည်။

ပုံစာ- ဧပြီ ၁၉ ရက်နေ့ ညပိုင်းက အမှတ် (၂) တံတားအနီး၌ ပေါက်ကွဲမှု ဖြစ်ပွား၍ မီးတောက်အချို့ ထွက်ပေါ်လာစဉ်

#ကရင် #မြ၀တီ #ထိုင်း-မြန်မာ #နယ်စပ်#အမှတ်၂ချစ်ကြည်ရေးတံတား #ခလရ၂၇၅ #ဒရုန်းဗုံး #တိုက်ခိုက်ခံရ #Ayeyarwaddy_Times