
ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ ရက်
ဧရာ၀တီတိုင်း၊ မြောင်းမြ အကျဥ်းထောင်တွင် ဧပြီလ ၁၈ရက်နေ့ ညနေ၆နာရီခန့်က နှစ်ကြီးအကျဉ်းသား သုံးဦးသည် ထောင်နံရံကို ကျော်ကာ ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး ပြန်လည် ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။
မြောင်းမြထောင်တွင် မူးယစ်ဆေးဝါးမှုနှင့် ထောင်ကျနေသူ အမျိုးသား နှစ်ဦး နှင့် မုဒိန်းမှုဖြင့် ထောင်ကျနေသူ အမျိုးသားတစ်ဦးတို့သည် ထောင်အုတ်ရိုးကိုကျော်တက်ကာ ထွက်ပြေးခြင်းဖြစ်ကြောင်း အကျဥဉ်းဦးစီးဌာနနှင့်နီးစပ်သူများထံမှ သိရသည်။
“ထွက်ပြေးဖို့ ကြိုးစားတဲ့ နှစ်ဦးကို ထောင်၀င်းထဲမှာပဲ ပြန်လည်ဖမ်းမိတယ်။ တစ်ဦးကတော့ထောင်အပြင်ရောက်သွားတဲ့အတွက်သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ရပါတယ်”ဟု အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ထောင်မှ ထွက်ပြေးသူ သုံးဦး အနက် တစ်ဦးကို ထွက်ပြေးနေစဥ်တွင် ထောင်၀န်ထမ်းများမှ ဖမ်းမိခဲပြီး၊တစ်ဦးမှာ နံရံပေါ်အတက်တွင် ပြုတ်ကျ၍ လက်ကျိုးသောဒဏ်ရာဖြင့် ဖမ်းဆီးရမိကာ၊ အပြင်သို့ရောက်သွားသူတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရခြင်း ဖြစ်သည်။
ထွက်ပြေးသူများသည် ပြီးခဲ့သည့် နှစ်ဆန်းတစ်ရက်နေ့ က စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် ပါ၀င်ခြင်းမရှိသည့်အတွက် ကျေနပ်မှုမရှိသောကြောင့် ယခုကဲ့သို့ နံရံကျော်ကာထွက်ပြေးရန် ကြိုးစားခြင်း ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ဆိုသည်။
#မြောင်းမြထောင် #နှစ်ကြီးအကျဉ်းသား #နံရံကျော်ပြေး #ပြန်ဖမ်းခံရ #Ayeyarwaddy_Times