
ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဧပြီ ၁၉ ရက်
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝင်းဝရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့၍ ပြီးခဲ့သည့် ဧပြီ ၁၄ ရက် (သင်္ကြန်အကျ) နေ့တွင် ခဲယမ်းအချို့ကိုယူဆောင်၍ အလင်းဝင်ရောက်လာခဲ့ကြောင်း ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။
အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သည် သရက်ချောင်း မြို့နယ် အတွင်းရှိ ဝင်းဝရွာတပ်စခန်းကုန်းတွင် တာဝန်ကျနေသော သရက်ချောင်းမြို့ အခြေစိုက် ခမရ-၄၀၅ တပ်ရင်းမှတပ်သား အဆင့်ရှိ ရဲဘော် နှစ်ဦး နှင့် ခမရ-၄၀၃ တပ်ရင်းမှ တပ်သားအဆင့်ရှိ ရဲဘော် တစ်ဦးတို့ဖြစ်ကြောင်းသိရသည်။
“သင်္ကြန်အကျနေ့ မှာပဲ ကျွန်တော်တို့ကို ဆက်သွယ်လာတယ်။ ဆက်သွယ်ပြီး အဲ့ဒီနေ့ မှာပဲ ကျွန်တော်တို့အဖွဲ့ဆီကို နေ့ချင်းပေါက် ရောက်လာတယ်။ စစ်ကောင်စီတပ်က ပြည်သူတွေကို အနိုင်ကျင့်တာလုံးဝ မခံနိုင်လို့ အခုလို ထွက်လာကြတယ်။ သေနတ်တွေ တော့မပါလာခဲ့ဘူး။ ခဲယမ်း ပစ္စည်းအချို့တော့ပါလာတယ်။ အခုတော့ သူတို့သုံးဦး စလုံးကို ကျွန်တော်တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ဖယ်ဒရယ် စစ်ကြောင်းဆီ လွှဲပြောင်း ပေးလိုက်ပြီ” ဟု ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ် ကိုပြောသည်။
အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသည် ကျည်ဆံ ၁၆၀ ၊ အီနာဂါသုံးလုံး နှင့် ကျည်ဘောက် တို့ကို ယူဆောင်၍ ပုတီးတစ်လုံးပြောက်ကျား တပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ရင်ခွင်ထံ ခိုလှုံကာ အလင်းဝင်ရောက်လာသည့် CDM စစ်ကောင်စီတပ်သား သုံးဦးကို ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ မှနွေးထွေးစွာကြိုဆို၍ ကောင်းမွန်စွာ ထားရှိပြီး ၎င်းတို့သွားရောက်ချင်သည့် နေရာအထိပို့ဆောင်ပေးဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယူဆောင်လာသည့် ပစ္စည်းများ၏ တန်ဖိုးအလိုက် ဆုကြေးငွေများ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဖယ်ဒရယ် စစ်ကြောင်းသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ပူးပေါင်းဖွဲ့စည်းထားသည့် စစ်ကြောင်း ဖြစ်ပြီး ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ထံသို့ ရဲတပ်သားနှစ်ဦး နှင့် စစ်ကောင်စီတပ်သား သုံးဦး အလင်းဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံက သိရသည်။
စစ်ကောင်စီလက်အောက်တွင် ကျန်ရှိနေသေးသော စစ်ကောင်စီတပ်သား နှင့် ရဲတပ်သားများ အနေဖြင့် အမြန်ဆုံး ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြပြီး CDM ပြုလုပ်ကြရန် ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားသည်။
ပုံစာ-အလင်းဝင်ရောက် လာတဲ့ စစ်ကောင်စီတပ်သား သုံး ဦး။
#သရက်ချောင်း #စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦး #ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ #အလင်းဝင် #Ayeyarwaddy_Times