
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ ရက်
ကရင်ပြည်နယ်၊ မြဝတီနှင့် ကော့ကရိတ်မြို့ တိုက်ပွဲအတွင်း အထိနာ စစ်ရှုံးနေသော စစ်ကောင်စီက ယနေ့ ဧပြီ ၁၉ ရက်၊ နေ့လယ်ပိုင်းတွင် လက်ကျန်အင်အားဖြင့် ကော့ကရိတ်မြို့ကို ဆက်လက် စစ်ကြောင်းထိုးနေကြောင်း စစ်ရေး သတင်းရင်းမြစ် များထံက သိရသည်။
ကော့ကရိတ်မြို့တွင် ယမန်နေ့ ဧပြီ ၁၈ ရက်ကလည်း ထိုးစစ်ဆင်လာသော စစ်ကောင်စီ စစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းတို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၃၀ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီက အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ထံက သိရသည်။
“ခလရ ၉၇ ကနေ အခြေပြုထိုးတဲ့ သဘောပါ။ အောင်ဇေယျ စစ်ဆင်ရေးရဲ့ တစ်စိတ် တပိုင်းလဲ ဖြစ်နိုင်ပါတယ်။ တိုက်ပွဲက နေ့စဉ်ဖြစ်တယ်။ မနေ့က တိုက်ပွဲမှာတော့ ရန်သူ (စစ်ကောင်စီ)ဘက်က အထိအခိုက်များပြီး ပြန်လည်ဆုတ်ခွာရတယ်။ ကျွန်တော်တို့ ကလည်း ဒရုန်းနဲ့ ထပ်ကြပ်မကွာလိုက်ပြီး ထိုးစစ်ဆင်တဲ့အခါမှာ သူတို့တွေ အထိနာ တယ်လို့ သိရတယ်”ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် အဆိုပါမြို့များကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “အောင်ဇေယျ” စစ်ဆင်ရေးအမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေး တစ်ရပ်ကို ဖော်ဆောင်ကာ ဧပြီလဆန်းပိုင်းကတည်းက ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သော်လည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်၍ ပူးပေါင်းတပ်ဖွဲ့များက အဆက်မပြတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
“လက်ရှိ စစ်ကြောင်းထိုးတဲ့ အနေအထားက သူတို့စထွက်တုန်းက အင်အားအတိုင်း ပါပဲ။ တပ်မ (၅၅) နဲ့ အရေးပေါ် စုဖွဲ့လိုက်တဲ့ တပ်ရင်းပေါ့။ အင်အား ထပ်ဖြည့်တိုးတဲ့ အနေအထားတော့ မရှိပါဘူး။ ဒါတောင် ဒဏ်ရာရတာနဲ့ ကျဆုံးတာနဲ့ဆိုရင် လျော့သွားဖို့ပဲ ရှိပါတယ်” ဟု တပ်တွင်း သတင်းအရင်းမြစ် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီ၏ အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ်မှ သံချပ်ကာယာဉ် အပါအဝင် စစ်သုံးကားအချို့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာကျော် ထိခိုက်သေဆုံးခဲ့သည်ဟုလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထုတ်ပြန်ချက် အရ သိရသည်။
အလားတူ ဧပြီ ၁၇ ရက်ကလည်း ထိုတပ်မ(၅၅)မှ အရာရှိများသည် စစ်ဆင်ရေး အစည်းအဝေး ပြုလုပ်နေစဥ် တော်လှန်ရေးတပ်ဖွဲ့များက ကာမီကာဇေ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် သေဆုံးမှုများရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဓာတ်ပုံ- KNU
#မြဝတီ #ကော့ကရိတ် #အထိနာစစ်ရှုံး #စစ်ကောင်စီ#လက်ကျန်အင်အား #ဆက်လက်စစ်ကြောင်းထိုး#ယမန်နေ့တိုက်ပွဲ #စစ်ကောင်စီတပ်ဖွဲ့ဝင် #၃၀ဦးသေဆုံး #Ayeyarwaddy_Times