ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ ရက်

NLD အစိုးရလက်ထက်ဖြစ်သော ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ပို့ကုန်ရငွေဝင်ရောက်ရန်ကျန်ရှိ နေသည့် ကုမ္ပဏီများ ၁၄၇ ခုရှိကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံက သိရသည်။

အဆိုပါကုမ္ပဏီများတွင် ကုန်သွယ်ရေးကုမ္ပဏီများ၊ လျှပ်စစ်နှင့် ဘတ္တရီတင်သွင်းသည့်ကုမ္ပဏီ နှင့် သစ်လုပ်ငန်း ကုမ္ပဏီများပါဝင်ပြီး၂၀၁၆ ခုနှစ်တွင် ကုမ္ပဏီ ခုနှစ် ခုမှ အမေရိကန်ဒေါ်လာ ၅၃၃,၃၃၇ ၊ ၂၀၁၇ ခုနှစ်တွင် ကုမ္ပဏီ ၄၄ ၊ ၂၀၁၉ ခုနှစ်တွင် ကုမ္ပဏီ ၉၆ မှ အမေရိကန်ဒေါ်လာ ၇၅,၇၄၁,၁၈၅ ဒသမ ၀၃ ရှိကြောင်း ဧပြီ ဒုတိယတစ်ပတ်တွင် စစ်ကောင်စီထုတ်ပြန်ချက်အရသိရသည်။

“ အရင်နှစ်ကဟာတွေကို စစ်ကောင်စီအခုမှ ဘာလုပ်လဲမသိဘူး။ သူတို့မှာ (စစ်ကောင်စီ) မှာ ပိုက်ဆံမရှိတော့ဘူးထင်တယ်။ အချို့ကုမ္ပဏီတွေက အခုတောင်ရှိရဲ့လားမသိဘူး။ အခုဆိုလည်တဲ့သူတွေက ကုမ္ပဏီလေး၊ ငါးခုထောင်ပြီးတော့ လုပ်စားနေတာပါပဲ ” ဟု Trading ကုမ္ပဏီတစ်ခုမှ မန်နေဂျာတစ်ဦးက ပြောကြားသည်။

ပြင်ပပို့ကုန် တင်ပို့သူများ၏ ပို့ကုန်ရငွေ ( Export Earnings) ပေးသွင်းရန်ကျန်ရှိနေသော ကုမ္ပဏီများ သတ်မှတ် ကာလအတွင်း မပေးသွင်းလျှင် လုပ်ထုံးလုပ်နည်းအတိုင်း သက်ဆိုင်ရာဌာနက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီအဖွဲ့ဝင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ ဥက္ကဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ယခုနှစ်စပိုင်းတွင်‌ ပြောကြားထားသည်။

နိုင်ငံခြားသုံးငွေများ ဝင်ရောက်ရာလမ်းကြောင်းတွင် ပို့ကုန်ရငွေကအဓိကဖြစ်ကာ ပို့ကုန်တင်ပို့သော ကုမ္ပဏီများသည် ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို ကိုယ်တိုင်သုံးစွဲခွင့်ရှိပြီး ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ငွေလဲနှုန်းထားဖြင့် စစ်ကောင်စီထံ ပြန်လည်ရောင်းချရသည်။

ပို့ကုန်တင်ပို့သူသည် ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့မှစတင်တာ သုံးလအတွင်း ယင်း၏ ဘဏ်စာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ရန်ဖြစ်ကြောင်း ပြဋ္ဌာန်းသတ်မှတ် ထားပြီး ပျက်ကွက်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ ဖြင့် အရေးယူခြင်းခံရမည်ဖြစ်သည်။

အဆိုပါဥပဒေကို ဖောက်ဖျက်ကျူးလွန်ပါက ပုဒ်မ ၄၂-က အရ ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

#ပို့ကုန်ရငွေ #ဝင်ရောက်ရန်ကျန် #ကုမ္ပဏီများ#၁၄၇
#Ayeyarwaddy_Times