ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ လူငယ် ၁၀ ဦးကျော်သည် စစ်ကောင်စီတပ်တွင် စစ်မှုထမ်းဆောင်ခြင်း မပြုလို၍ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဒေသခံများထံက သိရသည်။

သာပေါင်းမြို့နယ် ၊ ရွှေတောင်ကျွန်းအုပ်စုရှိ ရွှေတောင်ကျွန်းကျေးရွာ၊ ရွှေသင်မျှောင်‌‌ရွာ၊ အိုးဘိုလေးရွာနှင့် ကြာအင်းကွင်းရွာတို့မှ လူငယ်များသည် စစ်ကောင်စီတပ်တွင် စစ်မှုထမ်းဆောင်ရန် ဆန္ဒမရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်သွားခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“လူငယ် ၁၀ ယောက်ကို စာနဲ့ချိပ်ပိတ်ပြီး စာပို့လိုက်တာ။ အမည်စာရင်းပါတဲ့ အဲ့ဒီ လူငယ်တွေအားလုံး ထွက်ပြေး တိမ်းရှောင်သွားကြတယ်။ ဒီနေ့(ဧပြီ ၁၉ ရက်) လည်း စစ်မှုထမ်းကိစ္စနဲ့ အစည်းအဝေးတွေထပ်ခေါ်နေတယ်” ဟု သာပေါင်းမြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်မှုထမ်းဆောင်ရန် မဲစာရင်းနံပါတ် ထည့်သွင်းကြသူများမှာ ရွှေတောင်ကျွန်းအုပ်စုရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးရွှေမန်း (ခ)ဦးထွန်းအောင် နှင့် အုပ်စုစာရေး ကိုအောင်ပိုင်စိုး တို့ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် သာပေါင်းမြို့နယ်ရှိ ကျေးရွာအုပ်စုအများစုတွင် စစ်ကောင်စီခန့် အုပ်ချုပ် ရေးမှူးများ နှင့် ရာအိမ်မှူးများက ၎င်းတို့နှင့် အဆင်ပြေခြင်းမရှိသည့်သူများကို မဲနှိုက်ခိုင်းခြင်းမပြုဘဲ ဧပြီလ ၅ ရက်နေ့ကစတင်၍ အဓမ္မ စစ်မှုထမ်းဆောင်ရန် စာရင်းပေး၍ နေအိမ်များကို စာပို့ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်၊ လပွတ္တာခရိုင်များတွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၏ သားသမီးများကို စစ်မှုထမ်း ဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် အဆင်မပြေသူ အများစုကိုသာ စစ်မှုထမ်း ဆောင်ရန် စာရင်းများပေးလျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဧပြီလ ပထမပတ်အတွင်းကလည်း ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ မရွေးကုန်း ကျေးရွာအုပ်စုရှိ လူငယ် ၃၀ ကျော်သည် စစ်မှုထမ်းဆောင်လိုခြင်း မရှိသဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီးနောက် စစ်မှုထမ်းဆောင် ခြင်းမပြုလိုသည့် လူငယ်အချို့မှာ တော်လှန်ရေးတပ်ဖွဲ့များထံ ရောက်ရှိနေကြပြီး ပြည်ပထွက်ခွာရန်အတွက် ပြင်ဆင်လာသူများ နှင့် ထွက်ပြေးတိမ်းရှောင်သူ အများအပြား ရှိလာကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်မှုထမ်းဆောင်ရန် အပတ်စဥ် (၂ ) အတွက် ဒုတိယအကြိမ် ထပ်မံခေါ်ယူမည်ကို ပြည်သူအများစုက စိုးရိမ်နေကြကြောင်းသိရသည်။

#သာပေါင်း #စစ်မှုထမ်းဆောင် #စာရင်းပါနေသည့်#လူငယ်၁၀ဦးထွက်ပြေးတိမ်းရှောင်#Ayeyarwaddy_Times