ဧရာဝတီတိုင်းမ်

(ညောင်ရွှေ)၊ ဧပြီ ၁၉ ရက်

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်ရွာအနီးတွင် စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီ လက်အောက်ခံ ခမရ-၅၅၃ တပ်ရင်းနှင့် PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက  တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ နှင့် PNO တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့ကြောင်း ဖျက်မြင်းစစ်ကြောင်းက ယမန်နေ့ ဧပြီ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီနှင့် PNOပူးပေါင်း စစ်ကြောင်းသည်  ပြီးခဲ့သည့် ဧပြီ ၁၃ ရက် ဝန်းကျင်က အင်အား ၈၀ ကျော်ဝန်းကျင်ဖြင့် ဗျူဟာအဆင့်ရှိ ထီရီးရွာ အထိုင်စခန်းမှ ထွက်လာခြင်းဖြစ်ပြီး တော်လှန်‌ရေး ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ  ၈ နာရီကျော်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးဝန်းကျင် သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီ အလောင်း ၂၀ ကျော်တွေ့ရှိတယ်။ တချို့ကို စစ်ကောင်စီဘက်က ပြန်လည်သယ်ဆောင်သွားတာကို အထောက်အထားတွေနဲ့တကွ တွေ့ရှိခဲ့ရပါတယ်။ စကစ(စစ်ကောင်စီ) ဘက်မှ လက်ရှိအချိန်အထိ တန်ပြန်စစ်ကြောင်းထိုးလာတာမျိုး မရှိသေးပါဘူး။ ထပ်ဆင့် ကြားသိရတဲ့သတင်းတွေ အရ တပ်သား ၃၀ ကျော် သေဆုံးပြီး ၂၀ကျော် ဒဏ်ရာရတယ်လို့ ကြားသိရပါတယ်ဗျ” ဟု အလယ်ပိုင်းတိုင်း အထူး စစ်ဆင်ရေးအဖွဲ့ (ဖျက်မြင်းစစ်ကြောင်း) မှ ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း ၆၀ မမစိန်ပြောင်းများနှင့် MA သေနတ်များ သိမ်းဆည်းရမိခဲ့ပြီး ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များကို အောင်ပန်း ကုတင် ၇၀၀ ဆေးရုံတွင် ဆေးကုသပေး နေကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ငါး ဦး ကျဆုံးခဲ့ရပြီး ရဲဘော် နှစ် ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။ 

အဆိုပါတိုက်ပွဲကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်‌ရေးအဖွဲ့ (ဖျက်မြင်းစစ်ကြောင်း)၊ ပျားစစ်ကြောင်းနှင့် ရှမ်းတောင် PDF မဟာမိတ်အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့

ပုံစာ – သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ

#ရှမ်းတောင်တိုက်ပွဲ #ညောင်ရွှေ #စစ်ကောင်စီသေဆုံး #PNO #PDF #Ayeyarwaddy_Times