ဧရာဝတီတိုင်းမ်
သြဂုတ်လ ၅ ရက်
ဒီနေ့မနက်အစောပိုင်းက ထိုင်းနိုင်ငံ ချောင်ဘူရီပြည်နယ်ရှိ လူစည်ကားရာ နိုက်ကလပ်တစ်ခုမှာ မီး လောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၃ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဌာန တာဝန်ရှိသူတစ် ဦးက ပြောပါတယ်။
ဆတ်တာဟစ်ခရိုင်ရှိ Mountain B နိုက်ကလပ်မှာ ဒီနေ့မနက် ၁ နာရီလောက်က မီးလောင်ကျွမ်းမှု စ တင်ခဲ့ပြီး သေဆုံးသူအားလုံးဟာ ထိုင်းနိုင်ငံသားတွေဖြစ်တယ်လို့ ရဲမှူးကြီး ဝတ်တီပေါင်ဆွန်ဂျိုင်းက ပြောပါ တယ်။
ဗန်ကောက်မြို့တော်ရဲ့တောင်ဘက် ကီလိုမီတာ ၁၅၀ ခန့်အကွာ ချောင်ဘူရီပြည်နယ် ဆတ်တာဟစ်ခရိုင် က Mountain B နိုက်ကလပ်မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ Sawang Rojanathammasathan ကယ်ဆယ်ရေး ဖောင်ဒေးရှင်းက အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မီးလောင်မှုဖြစ်ပြီး သုံးနာရီအကြာမှာ မီးသတ်သမားတွေက မီးတောက်ကို ထိန်းနိုင်ခဲ့ပါတယ်။ အဲဒီနိုက် ကလပ်ဟာ လွန်ခဲ့တဲ့တစ်လကျော်ကမှ ဖွင့်လှစ်တာလို့ ဒေသန္တရမီဒီယာတွေက ပြောပါတယ်။
မီးလောင်မှုဖြစ်ရာ တစ်ထပ်အဆောက်အအုံဟာ ဗန်ကောက်မြို့တော်နဲ့ အပန်းဖြေမြို့ ပတ္တယားကို ဆက် သွယ်ပေးပြီး ဘားတွေ၊ ဟိုတယ်တွေ ပြည့်နှက်နေတဲ့ နာမည်ကျော် အဝေးပြေးလမ်းမကြီးတစ်ခုဖြစ်တဲ့ ဆူခူဗစ် လမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။
ထိုင်းနိုင်ငံရှိ ဘားတွေ၊ နိုက်ကလပ်တွေမှာ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရေး စံနှုန်းတွေနဲ့ပတ်သက် လို့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ကလည်း ဗန်ကောက်မြို့တော်ရှိ ဆန်တီကာနိုက်ကလပ်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၆၇ ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ်ကလည်း ပြည်ပခရီးသွားတွေ အများဆုံးလာရောက်ရာ ဖူးခက်ကျွန်းပေါ်က နိုက်ကလပ်တစ်ခု မှာ ဓာတ်အားချို့ယွင်းချက်ကြောင့် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူလေးဦး သေဆုံးခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Thai police say 13 people killed, 35 injured in night club fire