ဧရာဝတီတိုင်းမ်
ဧပြီ ၁၈ရက်
မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)က ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ထားနိုင်ကြောင်း သိရသည်။
မြဝတီမြို့ကို ထိုးစစ်ဆင်ပြီးတက်လာသည့် စစ်ကောင်စီတပ်ကို ယနေ့ ဧပြီ ၁၈ ရက်တွင် KNLA ဦးဆောင်တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရာနှင့်ချီ၍ ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
မြဝတီမြို့တွင် နောက်ဆုံး ကျန်ရှိသော ခလရ-၂၇၅ တပ်စခန်းကို ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့တွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) က ဦးဆောင်၍ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထို့နောက် စစ်ကောင်စီသည် မြဝတီမြို့အား ပြန်လည်ရရှိရန်အတွက် “အောင်ဇေယျ” အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေး တစ်ရပ်ကို ဖော်ဆောင်ကာ မြဝတီမြို့သို့ ထိုးစစ်ဆင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ကထုတ်ပြန်ထားသည်။
ထိုသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကို KNLA က ဦးဆောင်၍ KNDO နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ၎င်းတို့လာရာလမ်း တစ်လျှောက်တွင် အဆက်မပြတ် ဖြတ်တောက် တိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ သံချပ်ကာယာဉ် အပါအဝင် စစ်သုံးကားအချို့ အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာကျော် ထိခိုက်သေဆုံးခဲ့ရသော ကြောင့် ရှေ့သို့ဆက်မတက်နိုင်ဘဲ ဒေါန တောင်တန်း အနောက်ဘက် တောင်ခြေတွင်သာ ရပ်တန့်နေခဲ့ကြောင်း သိရသည်။
ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များသည် ၎င်းတို့ လာရာလမ်း တစ်လျှောက်တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ နေရာဒေသများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့အား လုပ်ဆောင်ခဲ့ခြင်းကြောင့် အပြစ်မဲ့ အရပ်သားပြည်သူလူထုများ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ခြင်းများရှိသည့်အပြင် ပြည်သူလူထု ပိုင်ဆိုင်သည့် ပစ္စည်း ဥစ္စာများလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း KNU ကထုတ် ပြန်သည်။
ဓာတ်ပုံ-KNU
#ကရင်ပြည်နယ် #မြဝတီမြို့ #စစ်ကောင်စီ #KNLA #KNDO #PDF #Ayeyarwaddy_Times