အယိုက်လင်း/ဧရာဝတီတိုင်းမ်

ဧပြီ ၁၈ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းမှ ကုန်စည်များကို မြန်မာနိုင်ငံဘက်သို့ တင်ပို့ရောင်းချခြင်း  မပြုလုပ်ရန် ဒေသခံလူငယ်များဖြင့် ဖွဲ့စည်းထားသည့် Central Young Lai Association – CYLA က ဧပြီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှင့် မဏိပူရ်ပြည်နယ်တို့တွင် ဖြစ်ပွားသည့် နိုင်ငံရေး ပဋိပက္ခကြောင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံကြသည့် စစ်ဘေးရှောင်များ၏ စားဝတ်နေရေးအတွက် ကုန်စည်နှင့် လောင်စာဆီ အများပြား လိုအပ်နေသည့်အတွက် စစ်ဘေးရှောင်နှင့် ပြည်သူများ အဆင်ပြေစေရန် မီဇိုရမ်ပြည်နယ်မှ တခြားနေရာဒေသသို့ တင်ပို့မရောင်းချရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။ 

“မြန်မာနဲ့ ရခိုင်က ကုန်သည်တွေ ကုန်စည်နဲ့ လောင်စာဆီကို အလုယက်ဝယ်ကြတယ်။ ရခိုင်ဘက်က ကုန်သည်တွေ ရောက်လာပြီဆို သူတို့က ဆိုင်မှာ ရှိသမျှ ကုန်စည်တွေ အကုန်လုံး ဝယ်သွားကြတယ်။ ကိုယ့်ဒေသတွင်းမှာ ရောင်းစရာမကျန်အောင် ဝယ်သွားကြတယ်။ ဒီက စစ်ဘေးရှောင်နဲ့ ပြည်သူတွေ ဝယ်စရာမရှိဘဲ ကုန်စည်တွေ ပြတ်သွားတဲ့အထိ ဖြစ်တတ်တယ်” ဟု  လောင်တလိုင်ခရိုင် ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လောင်တလိုင်ခရိုင်တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် မတူပီမြို့နယ်တို့မှ မြန်မာစစ်ဘေးရှောင် အများအပြားနေထိုင်ကြောင်း သိရသည်။

ဧပြီလ ၁၆ ရက်ကစ၍ CYLA ၏ တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိခင်အချိန်ထိ လောင်တလိုင်ခရိုင် ပြင်ပမှ ဖြစ်စေ၊ ပြည်တွင်းမှ ဖြစ်စေ၊ လောင်တလိုင်ခရိုင်ကို ဖြတ်၍  မြန်မာနိုင်ငံဘက်သို့ ကုန်ပစ္စည်းနှင့် လောင်စာဆီများ မပို့ကြရန်နှင့် အဆိုပါ ထုတ်ပြန်ချက်ကို ပြည်သူ များအနေဖြင့် အလေးအနက်ထားကြရန် လည်း တိုက်တွန်းထားသည်။ 

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများအားလုံး ပိတ်ထားရပြီး ရခိုင်ကုန်သည်များသည် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှတဆင့် ရေလမ်း၊ ကုန်းလမ်းဖြင့် ကုန်ပစ္စည်းများကို တစ်ရက်လျင်  ဟွန်ဒါ(စက်လှေငယ်)အစီးရေ ၃၀ မှ ၄၀ ကြားတင်းသွင်းနေကြောင်းသိရသည်။

အဆိုပါပမာဏမှာ  ကုန်ကား အစီးရေ ၁၀ ကျော်ရှိပြီး နေ့စဥ် ကုန်ပစ္စည်းနှင့် လောင်စာဆီများ ဝယ်ယူတင်သွင်းကာ ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့နယ်များထိ ရောင်းချနေကြောင့် သိရသည်။

#အိန္ဒိယ #မီဇိုရမ် #လောက်တလိုင် #မြန်မာနိုင်ငံ #ကုန်ပစ္စည်း #လောင်စာ #စစ်ဘေးရှောင် #Ayeyarwaddy_Times