
ဧရာဝတီတိုင်းမ်
ဧပြီ ၁၈ ရက်
ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နေပြီး ၎င်းရွေ့လျားရာနေရာတစ်လျှောက်ရှိ တိုင်းနှင့်ပြည်နယ်အချို့တွင် လေပြင်း တိုက်ခတ် ခြင်းနှင့်အတူ မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကြောင်း ယနေ့ ဧပြီ ၁၈ ရက်နေ့ တွင် စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ) က ထုတ်ပြန် ထားသည်။
မိုးတိမ်တောင်များရွေ့လျားရာနေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေကျ ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။
ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MHADM) ကလည်း ရာသီဥတု အကူးအပြောင်းကာလတွင် မြောက်ပိုင်းစွန်းနှင့် တောင်ပိုင်းစွန်းဒေသများ၌ မွန်းလွဲပိုင်း နှင့် ညနေပိုင်းများတွင် မိုးတိမ်တောင်ငယ်များစတင်ဖြစ်ပွား၍ အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
လာမည့် ၂ ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ပြီး ရန်ကုန်တိုင်း အပါအဝင် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းမည် ဖြစ်ကြောင်းသိရသည်။
ထို့ပြင် မြန်မာနိုင်ငံတောင်ပိုင်း၊ အလယ်ပိုင်းဒေသများတွင် ကုန်ဆုံးခါနီးအယ်နီညို၏ သက်ရောက်မှုကြောင့် နေ့အပူချိန်များ (၃၇-၃၈-၃၉ ဒီဂရီစင်တီဂရိတ်)အထိ ဆက်လက် ပူနေစေနိုင်ပြီး တောင်ဘက်မှ ရေငွေ့ပါသော လေများကြောင့် မိုးတိမ်တောင်များ ဖြစ်ထွန်းကာ မိုးရွာသွန်းခြင်းဖြစ်ကြောင်း MHADM က ဆိုထားသည်။
ယမန်နေ့က သင်္ကြန်ကာလအတွင်း စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ချင်းပြည်တို့တွင် နေရာစိပ်စိပ်နှင့် စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ရှမ်းပြည်နယ်( အရှေ့ပိုင်း) တို့တွင် နေရာကျဲကျဲ မိုးရွာသွန်းခဲ့သည်။
ထို့ပြင် နေပြည်တော်၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ကြောင်း မိုး/ဇလ ထံက သိရသည်။
မြန်မာနိုင်ငံတွင် မိုးကြိုရာသီအဖြစ် ဧပြီလ ၁၆ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ သက်မှတ်ထားကြောင်း MM Weather Knowledge တွင် ဖော်ပြထားသည်။
#မိုးတိမ်တောင် #တိုင်းနှင့်ပြည်နယ်အချို့ #မိုးထစ်ချုန်း #Ayeyarwaddy_Times