ဧရာ၀တီတိုင်းမ်
ဧပြီ ၁၈ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လွယ်ဆိုင်ကျေး ရွာရှိ လွယ်ဆိုင်တာဝါတိုင်တပ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားကြကြောင်း သိရသည်။

လွယ်ဆိုင် တာဝါတိုင်စခန်းမှ စစ်ကောင်စီတပ်သားများသည် ယမန်နေ့ ဧပြီ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စခန်းစွန့် ခွာထွက်ပြေးသွားသည့် အတွက် ကားနှစ်စီး တိုက်ခန့်ရှိသည့် ကျည်နှင့်ခဲယမ်း အများအပြားကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းဆည်းရမိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“ဖားကန့်ပတ်ချာလည်က တပ်စခန်းတွေကလည်း အသိမ်းခံထားရတော့ လွယ်ဆိုင်ထဲမှာ အင်အားက နည်းနေတာနဲ့ ကာမိုင်းကို သွားပူးပေါင်းတယ်လို့ သိရတယ်။ သယ်လို့ရတဲ့ လက်နက်တွေယူသွားပြီး ကျည် တွေကျန်ခဲ့တာ။ ဖောကားနဲ့ နှစ်ခါတိုက်ယူရတယ်။ တိုက်ပွဲ ကမဖြစ်လိုက်ရဘူး” ဟု ကချင်စစ်ရေးသတင်းရင်း မြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လွယ်ဆိုင်တာ၀ါတိုင်စခန်းမှ ထွက်ပြေးသွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကာမိုင်းဗျူဟာတပ် စခန်းသို့ သွားရောက်ပူးပေါင်းခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ စခန်းစွန့်ခွာထွက်ပြေးသွားကြသည့်အတွက် KIA က စခန်းကိုဝင်ရောက်ရှင်းလင်း သိမ်းဆည်းခဲ့ရာ ခဲယမ်းနှင့်ကျည်များကို ဖောကားတစ်စီးဖြင့် နှစ်ကြိမ် သိမ်းဆည်းခဲ့ရ ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့ကလည်း ကချင် ပြည်နယ်၊ တနိုင်းမြို့ အင်ဂါးဂါး ကျေးရွာအနီး နွယ်ဂျဲဘွမ်ရှိ စစ်ကောင်စီ၏ ခလရ ၂၉၇ တပ်စခန်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့တို့မှ သိမ်းပိုက်နိုင်ခဲ့သည်။

၂ ရက်တာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်လက်နက် ပစ္စည်းအများအပြား သိမ်းဆည်းရမိပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ပုံစာ -ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA တပ်သားများ ၀င်ရောက် သိမ်းဆည်းစဉ် (ပုံဟောင်း)

#ကချင် #ဖားကန့် #လွယ်ဆိုင် #စစ်ကောင်စီတပ်စခန်း #စွန့်ခွာထွက်ပြေး #KIA #လက်နက်များ#သိမ်းဆည်း #Ayeyarwaddy_Times