ဧရာဝတီတိုင်းမ်

ဧပြီ ၁၈ ရက်

အာဏာသိမ်း စစ်ကောင်စီသည် မြန်မာနှစ်သစ်ကူးကာလ အထိမ်းအမှတ်အနေဖြင့် ယမန်နေ့ ဧပြီ ၁၇ ရက်နေ့က အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၃၃၀၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၁ဝဝ ဦး ဝန်းကျင်သာ ပါဝင်ပြီး  လွှတ်ပေးခဲ့သည့် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာဆလမ်ဆမ်ဆွန်ကို ပြန်လည် ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက လွတ်ငြိမ်းဖြင့် လွှတ်ပေးလိုက်သည့်အကျဉ်းသား ၃၀၀၀ ကျော်တွင် နိုင်ငံရေးအကျဉ်း သား ရာခိုင်နှုန်းမှာ ၄ ရာခိုင်နှုန်းသာပါရှိပြီး ရမည်းသင်းအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားဦးရေ ၁၉ ဦးဖြင့်အများဆုံး လွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံက သိရသည်။

လက်ရှိတွင် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူအရေအတွက်ကို ဆက်လက်၍  စိစစ်နေဆဲဖြစ်ပြီး ယခုအချိန်အထိကောက်ယူရရှိထားသည့် စာရင်းများ အရ နိုင်ငံရေးအကျဉ်း သား ၁၀၁ ဦး လွတ်မြောက်လာကြောင်း PPNM ထံက သိရသည်။

“အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသား အကျဉ်းသူတွေထဲ စစ်ကောင်စီလွှတ် ပေးမယ့် လွတ်ငြိမ်းက တစ်ဦးတယောက် တစ်ဦးတစ်လေပဲပါတာဖြစ်တယ်။ တစ်နိုင်ငံ လုံးမှာ ဖမ်းဆီးခံထားရတဲ့နိုင်ငံရေး အကျဉ်းသား သောင်းနဲ့ချီပြန်လည် လွတ်မြောက်ဖို့ ဆိုရင်တော့ တော်လှန်ရေးအင်အားစုနဲ့ တော်လှန်ရေးအစိုးရအပေါ်မှာ များစွာမူ တည်တယ်။ တော်လှန်ရေးအောင်မှသာလျှင် ကျွန်တော်တို့အကျဉ်းထောင်ထဲမှာ မတရား ဖမ်းဆီးခံထားရတဲ့နိုင်ကျဉ်းအားလုံးလွတ်မြောက်မှာဖြစ်တယ်။ အကျဉ်းထောင်ထဲက နိုင်ကျဉ်းသား/သူ အားလုံးဟာ တော်လှန်ရေးအပေါ်မှာပဲ ယုံကြည်ချက်ရှိရှိနဲ့  တောင့်ခံနေ တယ်ဆိုတာကို ပြည်သူတွေဆီ သတင်းစကားပါးချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာသည့် KBC ဥက္ကဋ္ဌ ဟောင်းဖြစ်သူ ဒေါက်တာဆလမ်ဆမ်ဆွန်ကို အဆိုပါနေ့ ဧပြီ ၁၇ ရက်နေ့ ညပိုင်းတွင် ပြန်လည် ဖမ်းဆီးခဲ့ပြီး ယခုအချိန်အထိ မိသားစုထံပြန်လည် ရောက်ရှိခြင်း မရှိသေး ကြောင်း သိရသည်။

“နိုင်ငံတကာရဲ့ဖိအားကလည်း စစ်ကောင်စီကို အရမ်းကြီးအာရုံစိုက်ချိန် မလိုအပ်သေးဘူး ဆိုတဲ့အနေအထားတစ်ခုမို့ နိုင်ကျဉ်းပါဝင်မှုနည်းတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာဖိအားများတဲ့အချိန် တရုတ်ရဲ့ဖိအားများတဲ့အချိန်မှသာ နိုင်ငံရေး အကျဉ်းသားတွေကို သူတို့ရဲ့နိုင်ငံရေးအကျိုးအမြတ်ရရှိရေးအတွက် လွှတ်ပေးခြင်းဖြစ် ပါတယ်။ အစကတည်းက နိုင်ကျဉ်းတွေကို သူတို့(စကစ)ရဲ့ကိုယ်ကျိုးအတွက်အသုံးချဖို့ မတရားဖမ်းဆီးထားတာမို့ နောက်ဆုံးအခြေအနေအထိတော့ ရသလောက် ဖမ်းဆီး ထားမှာ ဖြစ်တယ်” ဟု ကိုသိုက်ထွန်းဦးက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီကအာဏာသိမ်းပြီး ၃ နှစ်တာကာလအတွင်း အာဏာသိမ်းမှု ဖြစ်စဉ်နှင့် ဆက်စပ်၍ဖမ်းဆီးခံရသူ စုစုပေါင်း ၂၆,၅၃၄ ဦးရှိပြီး ၂၀,၃၄၂ ဦးမှ ထိန်းသိမ်းခံထားရဆဲဖြစ်ကာ ၎င်းတို့ထဲမှ ၈,၉၃၁ ဦးမှာ ထောင်ဒဏ်ချမှတ် ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ထံက သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

ပုံစာ – ပြန်လည်ဖမ်းဆီးခံရသည့် ဒေါက်တာဆလမ်ဆမ်ဆွန်

#နိုင်ငံ‌ရေးအကျဉ်းသား #လွတ်မြောက်သူ၁၀၀ကျော်  #KBCဥက္ကဋ္ဌဟောင်း #ဒေါက်တာဆလမ်ဆမ်ဆွန် #ပြန်လည်ဖမ်းဆီးခံရ #PPNM #Ayeyarwaddy_Times