အယိုက်လင်း/ဧရာဝတီတိုင်းမ်

ဧပြီ ၁၈ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် သုံးဦးသည် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်ရောက်လာခဲ့ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်-ဟားခါးက ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဟားခါးမြို့ရှိ စစ်ကောင်စီ၏ ရုန်းတောင် ဗျူဟာ တပ်စခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် သုံးဦးသည် ၎င်းတို့၏ လက်နက်ခဲယမ်းများနှင့်အတူ ဧပြီလ ၁၇ ရက်နေ့တွင် ချင်းလဲန်းကာကွယ်ရေးတပ်-ဟားခါးထံ အလင်းဝင်ရောက်လာခြင်းဖြစ်သည်။

“ရုန်းတောင် တပ်စခန်းက စစ်ကောင်စီ တပ်သား သုံးဦး မနေ့က အလင်းဝင်ကြတာ ဖြစ်ပါတယ်။ သူတို့မှာ လက်နက်ခဲယမ်းတွေလည်း ပါလာတာကြောင့် CDF(ဟားခါး)က ဆုကြေးငွေ ချီမြင့်ပါတယ်။ သူတို့က စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိလို့ အလင်းဝင်ကြတာ ဖြစ်ပါတယ်” ဟု ချင်းလဲန်း ကာကွယ်ရေးတပ်-ဟားခါးနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ အလင်းဝင်ရောက်လာကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် MA-1 သေနတ် နှစ်လက်၊ MA-2 သေနတ် တစ်လက်၊လက်ပစ်ဗုံး ၁၈ လုံး၊ ကျည်ဆံ ၁၀၀၀ တောင့် ပါလာသောကြောင့် CDF-Hakha က ဆုကြေးငွေ ကျပ်သိန်း ၅၀ စီချီးမြင့်ကာ လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။

ဧပြီလ ၁၅ ရက်နေ့ကလည်း ဟားခါးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ရုန်းတောင် ဗျူဟာ တပ်စခန်းကုန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးခဲ့ကြောင်း ဧပြီလ ၁၆ ရက်နေ့တွင် CDF(ဟားခါး)က ထုတ်ပြန်ထားသည်။

ပုံစာ- အလင်းဝင်လာကြသည့် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် သုံးဦးကို တွေ့ရစဥ်။

#ချင်းပြည် #ဟားခါး #စစ်ကောင်စီ၃ဦး 

#အလင်းဝင် #Ayeyarwaddy_Times