ဧရာဝတီတိုင်းမ်
ဧပြီ ၁၈ ရက်

စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသူများ၏မိသာစုဝင်များအား စစ်ကောင်စီမှထောက်ပံ့မှုမရှိ၍ ကျေးရွာများတွင် ငွေစုထောက်ပံ့ပေးနေရကြောင်း ကျုံပျော်မြို့နယ်ရှိ ဒေသခံများထံမှသိရသည်။

ဧရာဝတီတိုင်းအတွင်းရှိမြို့နယ်များတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် ၁၈ နှစ်မှ ၃၅ နှစ်ကြားအမျိုးသားများအား မဲနှိုက်ရွေးချယ်ပြီး စစ်မှုထမ်းရန်ခေါ် ဆောင်သွားပြီးနောက် မိသာစုဝင်များအား ကျေးရွာများတွင် တစ်အိမ်လျှင် အနည်းဆုံး သုံးထောင်ကျပ် မှ ပမာဏ မျိုးစုံ ပုံသဏ္ဌန်မျိုးစုံဖြင့် ကောက်ခံကာ ထောက်ပံ့ပေးနေရကြောင်း သိရသည်။

“မဲပေါက်ပြီးတဲ့သူတွေကို တပ်ကားနဲ့ခေါ်ပြီး အချို့ကို မိထ္ထီလာ ဘက်ကိုပို့လိုက်တယ်။ ကျန်တဲ့သူတွေကိုတော့ ပုသိမ်ကိုပို့တယ် စစ်တပ်ကထောက်ပံ့ပေးတာမျိုးမရှိဘူး လက်လုပ်လက်စားသမားတွေဆို စားစရာတောင်မရှိလို့ ရွာမှာတစ်အိမ် ၃၀၀၀ စီစုပြီးထောက်ပံ့ပေးထားရတယ် “ဟု ကျုံပျော်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်မှုထမ်းဥပဒေအရ မဲနှိုက်ရာတွင်မဲပေါက်သူ အချို့မှာ ကိုယ်စားဝင်ရောက်သူများအားရှာဖွေကာ ငွေပေး၍ ဝယ်ယူနေကြပြီး လူစားထိုးဝင်ရောက်ခိုင်းသူများလည်း ရှိကြောင်း သိရသည်။

“ဒီဘက်မှာ​တော့ ပိုက်ဆံရှိတဲ့ သူတွေထဲက မဲပေါက်ရင် ကိုယ်စားပြု ဝင်နိုင်မဲ့သူကိုရှာတယ် ငွေပေးမယ်ပေါ့ အချို့ဆို သိန်း ၁၀၀ လောက်အထိ ကမ်းလှမ်းနေတာမျိုးတွေတောင်ရှိပါတယ် “ဟု ကျုံပျော်မြို့နယ်မှဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီမှ တပ်အတွင်းဝင်ရောက်ပါက လစာရိက္ခာပေးမည် ၊ မိသာစုအတွက် ငွေကြေးထောက်ပံ့ပေးမည်ဟု ပြောဆိုထားသော်လည်း တပ်အတွင်းဝင်ရောက်သူများ၏ မိသာစုဝင်များမှာ ထောက်ပံ့မှုမရကြကြောင်း ဒေသခံများထံမှသိရသည်။

#စစ်မှုထမ်း #ဆင့်ခေါ်ခံရသူ #မိသာစုဝင် #စစ်ကောင်စီမှထောက်ပံ့မှုမရှိ #ကျေးရွာ #ငွေစုထောက်ပံ့နေရ #Ayeyarwaddy_Times