ဗွီအာတီ/ ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဩဂုတ်လ ၅ ရက်

ချင်းပြည်နယ်၊ မတူပီမြို့တွင် အခြေစိုက်သော ခလရ ၁၄၀ နှင့် ခလရ ၃၀၄ စစ်ကောင်စီတပ်က ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မတူပီမြို့နယ်၊ ငလိုင်ကျေးရွာရှိ ပြည်သူနေအိမ် ၁ လုံးမီးလောင်ပြာကျသွားကြောင်း CDF-Matupiက သတင်းထုတ်ပြန်သည်။

မတူပီမြို့တွင် အခြေစိုက်နေသော စစ်ကောင်စီတပ်က မတူပီမြို့နယ်၊ ငလိုင်ကျေးရွာဘက်နှင့် လေမျိုချောင်းဘက်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ငလိုင်ကျေးရွာရှိ ပြည်သူနေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သုံးထပ်တိုက်ပြည်သူနေအိမ် ၁ လုံးမီးလောင်ပြာကျသွားကြောင်း ဒေသခံများထံမှ သိရသည်။

” စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတော့ ဒီနေ့နဲ့ဆို ၃ ရက်ရှိပါပြီ၊ ဒီနေ့ ၁၂ နာရီလောက်ကြတော့ ရဲဘော်တွေအနေနဲ့ စုပေါင်းသန့်ရှင်းရေးလုပ်နေကြတုန်း ရွာထဲကျလာတာခင်ဗျ၊ အထိအခိုက်ကတော့ ဆောက်လက်စ သုံးထပ်အိမ်အပေါ်ထပ်ကျပြီး အိမ်မီးလောင်သွားပါတယ်၊ အခြားနေအိမ်တွေတော့အထိအခိုက်မရှိပါဘူးခင်ဗျ´´ဟု CDF-Matupi၊ တပ်ရင်း(၂) ဘုံတလာတပ်ရင်းမှ Ezekielက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တပ်ရင်း ၂ ဘုံတလာတပ်ရင်းဘက်သို့ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးများကြောင့် အရပ်သားနေအိမ်ထိခိုက်မှုသည် ယခုပထမဆုံးအကြိမ်ဖြစ်ပြီး CDF – Matupi ရဲဘော်များထိခိုက်မှုမရှိကြောင်းသိရသည်။

“လက်နက်ကြီးပစ်ခတ်လာတဲ့ အကြိမ်အရေအတွက်တအားများတော့ အတိအကျမသိရဘူး၊ ငလိုင်ရွာထဲက သုံးထပ်တိုက်လူနေအိမ်ပေါ်မှာ လက်နက်ကြီး ၁ လုံးကျရောက်ပေါက်ကွဲ တဲ့အတွက် အိမ်ကတော့ မီးလောင်ပြီး ပြာကျသွားပါတယ်၊ လေမျိုချောင်းဘက်မှာလဲ ခလရ ၃၀၄ တပ်ရင်းကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေပါတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

မတူပီမြို့နယ်တွင် ဒေသကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး နွေရာသီကာလများအတွင်း စစ်ကောင်စီတပ်က လက်နက်ရမ်းသမ်းပစ်ခတ်မှုကြောင့် တောမီးလောင်မှုများမကြာခဏ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ – CDF-Matupi