အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မုံရွာ)၊ ဩဂုတ်လ ၅ ရက်

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် အတွင်းက လက်ပံတောင်းတောင်ဒေသမှာရှိတဲ့ တရုတ် ဝမ်ပေါင်ကုမ္ပဏီကို တော်လှန်ရေး အင်အားစုတွေ မတိုက်ခိုက်ရင် ပြည်သူတွေ အေးအေးဆေးဆေးနေရမယ်လို့ ဩဂုတ်လ ၂ ရက်နေ့က စစ်ကောင်စီတပ်ဘက်က ပြောဆိုခဲ့ပါတယ်။

PDF တွေအနေနဲ့ ဝမ်ပေါင်ကုမ္ပဏီကို လာမတိုက်ခိုက်ရင် ဒေသခံတွေအေးအေးချမ်းချမ်းနေရမှာဖြစ်ပြီး တိုက်ခိုက်မယ်ဆိုရင်တော့ ရွာသားတွေ အေးအေးချမ်းချမ်းနေရမှာမဟုတ်ဘူးလို စက်ထုံးရွာ၊ ပေပင်စုဘုန်းကြီး ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဘက်က ပြောဆိုခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ သူတို့က ဝမ်ပေါင်ကုမ္ပဏီကို လာတိုက်တာနဲ့ ရွာသားတွေကို ဒုက္ခပေးမယ်ဆိုပြီး ခြိမ်းခြောက်တာ ဝမ်ပေါင်ကုမ္ပဏီအတိုက်မခံရရင် ရွာသားတွေ အေးအေးချမ်းချမ်းနေရမယ် အေး အတိုက်ခံရရင်တော့ ရွာသားတွေကို ဒုက္ခပေးမယ် အဲ့လိုမျိုးပြောတာ”လို့ ဒေသခံအမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေက အရင်က ရွာတွေကိုဝင်စီးတဲ့အခါ ရွာတွေကို မီးရှို့ လူသတ်အကြမ်းဖက်တာတွေ ပြုလုပ်တာကြောင့် ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက လက်လုပ် လက်နက်ကြီးတွေနဲ့ ပြန်ထုခဲ့ ရတယ်လို့ ဆိုပါတယ်။

အဲ့လိုမျိုး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်တိုက်ခိုက်လာတာကြောင့် ဆားလင်းကြီးဘက် ပေပင်ဘုန်းကြီးကျောင်းထဲ တပ်စွဲပြီး စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းလှည့်တာတွေပြုလုပ်လာတာ လို့ ဒေသခံတွေကပြောပါတယ်။

မုံရွာအရှေ့ဘက် လက်ပံတောင်းတောင်ဒေသကို စစ်ကောင်စီတပ်ဘက်က တရုတ်အမျိုးသားအကျိုးစီးပွား ကာကွယ်နိုင်ရေးအတွက် ကုန်ကြောင်းရော၊ ရေကြောင်းကပါ စစ်အင်အားဖြည့်တင်းတာတွေကို ဇူလိုင်လက စတင်ကာပြုလုပ်လာတာကြောင့် စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား မကြာခဏ ဆိုသလို ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အဲ့လိုမျိုး ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတဲ့အခါ စစ်ကောင်စီတပ်က ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ လူသတ် အကြမ်းဖက်တာတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ ၂ သောင်းကျော်ထိရှိနေပြီဖြစ်တယ် လို့ဒေသခံတွေထံက သိရပါတယ်။