နိုင်း/ဧရာဝတီတိုင်းမ်
(ပေါင်)၊ ဩဂုတ်လ ၄ ရက်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ PDF တွေနဲ့ ပတ်သတ်တယ်ဆိုပြီး ဒေသခံပြည်သူနေအိမ် ၄ လုံးကို ဩဂုတ်လ ၄ ရက်နေ့က အာဏာသိမ်း စစ်ကောင်စီတပ်သားတွေလာရောက်ပြီး ချိပ်ပိတ်တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ လူနေအိမ် ၄ လုံးကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အဆက်သွယ်ရှိတယ်ဆိုကာ စစ်ကောင်စီတပ်သားတွေက လာရောက် ချိပ်ပိတ် ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
“သံကျကုန်းပိုင်းက အိမ်နဲ့ ရွာသစ်ပိုင်းကအိမ်က ဒေသခံ PDF တွေနဲ့ ဆွေမျိုးနီးစပ်တော်တယ်ဆိုပြီး အဆက်သွယ်ရှိတယ်ဆိုပြီး ချိပ်ပိတ်သွားတာ ၊ သံကျကုန်းပိုင်းက အိမ်ပိုင်ရှင်တွေကိုကျတော့ အိမ်ကနေ ဖယ်ခိုင်းပြီး ချိပ်ပိတ်တာ၊ ရွာသစ်ပိုင်းကအိမ်ကကျတော့ အိမ်ပိုင်ရှင်တွေကို ဖမ်းထားပြီး ချိပ်ပိတ်တာ”လို့ နေအိမ်ချိပ်ပိတ်ခံရသူတွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီက ချိတ်ပိတ်လိုက်တဲ့ နေအိမ်တွေရဲ့ ပိုင်ရှင်တွေကိုလည်းဖမ်းဆီးထားတာဖြစ်ပြီး ဖမ်းဆီးခံရပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက အခုလို လာရောက်ချိပ်ပိတ်သွားတာလို့ ဆိုပါတယ်။
မွန်ပြည်နယ် အတွင်းက ကျိုက်ထိုမြို့နယ်မှာလည်း အလားတူဒေသခံနေအိမ် ၁ အိမ်ကို စစ်ကောင်စီတပ်သား တွေက ဩဂုတ်လ ၄ ရက်နေ့မှာပဲ ချိပ်ပိတ်ခဲ့သေးတယ်လို့ သိရပါတယ်။
ပေါင်မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့နေအိမ်နဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးရဲ့ နေအိမ်တွေ ကိုလည်း စစ်ကောင်စီတပ်သားတွေက ၂၀၂၂ ခုနှစ်ထဲမှာ ချိပ်ပိတ်တာတွေအပြီး ထပ်မံချိပ်ပိတ် ခံရတာဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။