
ဧရာဝတီတိုင်းမ်
ဧပြီ ၁၆ရက်
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းကို ပြည်သူ့ ကာကွယ်ရေးတပ်မတော်(မန္တလေး) ကဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂၁ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ယမန်နေ့ ဧပြီ ၁၅ ရက်နေ့ နံနက် ၅ နာရီ ၃၀မိနစ်ခန့်တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီ ၄၅ မိနစ် ဝန်းကျင်ခန့်တွင် စခန်းကို အပြီးသတ် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်သို့ စစ်ကူလာသည့် စစ်ကြောင်း နှစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထပ်မံပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ အထိအခိုက် အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
ထို့အပြင် သရက်ကုန်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ငယ် ၄၀ကျော် ၊ ၆၀မမ နှစ်လက် ၊ Drone Jammer တစ်ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အလောင်း ၂၁ လောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်မှလည်း ပေးဆပ်မှု အချို့ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မန္တလေး)က ဆိုထားသည်။
စစ်ကောင်စီတပ်များသည် တပ်စွဲရာတွင် သာသနိက အဆောက်အအုံများနှင့် စာသင် ကျောင်းများတွင် တပ်စွဲလေ့ရှိကြောင်းတွေ့ရှိရပြီး သရက်ကုန်းကျေးရွာတွင် လည်း စစ်ကောင်စီတပ်က သာသနာ့နယ်မြေဖြစ်သည့် စေတီပေါ်နှင့် စာသင် ကျောင်းတို့တွင် အခိုင်အမာတပ်စွဲ ခံစစ်ပြင်ထားသည်ကို တွေ့ရှိရသည်။
ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီတပ်စွဲထားရာ သာသနိကအဆောက်အအုံနှင့် စာသင်ကျောင်းများအတွင်း စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
မြန်မာ နှစ်သစ်ကူးကာလတွင် ရန်သူ(စစ်ကောင်စီ)၏အသဲနှလုံးမြို့တော် ပြင်ဦးလွင်ကို ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ရန်သူ၏ အခြေစိုက်စခန်းတစ်ခုအား သိမ်းပိုက်ခဲ့ခြင်းကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ပြည်သူထံ ပေးပို့လိုက်ပါသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဆိုထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် ပြီးခဲ့သည့် ဧပြီ ၁၄ ရက်နေ့ ည ၉ နာရီခန့်က ပြင်ဦးလွင်မြို့ရှိ (DSA) ကျောင်းကို ရှော့တိုက်ဒုံးအလုံး ၂၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သော ရှော့တိုက်ဒုံးများသည် DSA ကျောင်းဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုအခြေ အနေများကို စုံစမ်းလျက်ရှိကြောင်း သိရသည်။
ရှော့တိုက်ဒုံးပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီဘက်မှလက်နက်ကြီးများဖြင့် တရစပ် ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း စစ်ဆင်ရေးဆောင်ရွက်သည့် တပ်ဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)
#နောင်ချိုမြို့နယ် #သရက်ကုန်းစခန်း #စစ်ကောင်စီတပ် #၂၀ဦးသေဆုံး #ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး #Ayeyarwaddy_Times