
ဧရာ၀တီတိုင်းမ်
ဧပြီ ၁၆ ရက်
အာဏာသိမ်း စစ်ကောင်စီက ကိုရီးယားနိုင်ငံမှ K pop အနုပညာရှင် ဟုဆိုသူများကို ဖိတ်ခေါ်၍ ယခုနှစ် မဟာသင်္ကြန်ကို စည်ကားစေရန်ကြိုးပမ်းခဲ့သော်လည်း လူစည်ကား ခြင်းမရှိဘဲ ဟိုတယ်အပါအဝင် ဘီယာဆိုင်နှင့် ရေကစားဥယျာဉ်များတွင် သင်္ကြန်ရေ ကစားသူများဖြင့် စည်ကားနေကြောင်း သိရသည်။
သင်္ကြန်အကြို၊ အကျ၊ အကြတ်၊ အတက် ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့များတွင် ရေကူးကန် ပါဝင်သော နာမည်ကြီးဟိုတယ်၊ ဘီယာ Bar များအပါအဝင် ရေကစားဥယျာဉ်များ နှင့် အပန်းဖြေစခန်းများတွင်သာ စည်ကားနေကြောင်း စုံစမ်းသိရသည်။
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့လမ်းမကြီးများတွင် လူသွားလူလာများရှင်းလင်းနေပြီး စစ်ကောင်စီမဏ္ဍပ်ရှိရာ ဆူးလေမြို့တော်ခန်းမရှေ့ ရန်ကုန်မြို့တော်သင်္ကြန်မဏ္ဍပ်တွင် လူအနည်းငယ်ရှိကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။
” အရင်က သင်္ကြန်ကိုလွမ်းတယ်။ light truck ကားတွေငှားပြီးတော့ မြို့ထဲလည်ဖို့ စီစဉ်ကြတယ်။ အခုတော့ bar မှာပဲ ရေကစား ကခုန်ကြပေါ့။ ဒီနှစ်သင်္ကြန်က သူနေရာနဲ့သူ စည်တာတော့ တွေ့ရတယ်။ ဟိုတယ်တွေ Bar တွေမှာက လူပိုစည်တယ်။ လူအပြည့်ပဲ။ ရပ်ကွက်ထဲတော့ ကလေးတွေရေကစားတာတွေ့တယ် ” ဟု ရန်ကုန်မြိုခံတစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
ထို့ပြင်မန္တလေးမြို့ရှိ ရေကစားယျာဉ်တစ်ခုတွင် သင်္ကြန် အကျနေ့နှင့် အကြတ်နေ့များတွင် လူဦးရေ ခုနစ်ထောင်မှ ရှစ်ထောင်နီးပါးအထိ ဝင်ရောက်မှုရှိကြောင်း မန္တလေးမြို့ခံတစ်ဦး ထံက သိရသည်။
မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော် မဟာသင်္ကြန်ပွဲသည် မြန်မာများရွေ့ပြောင်းနေထိုင်ရာ ထိုင်း၊ မလေးရှားနိုင်ငံများအပါအဝင် ပြည်ပရောက်မြန်မာနိုင်ငံသားများအများ စုနေထိုင် သည့် နိုင်ငံများတွင် သင်္ကြန်စည်ကားကြောင်း သိရသည်။
“‘ဒီနှစ် ထိုင်းနိုင်ငံ မဲဆောက်သင်္ကြန်က ပိုစည်တယ်။ မြန်မာ ရွေ့ပြောင်းလုပ်သားတွေ များလာတာကော၊ ဒီနှစ် မြန်မာပြည်ကို ပြန်တဲ့သူ နည်းတာကော ပါမယ်။ ကျောင်းသားတွေရဲ့ သင်္ကြန် သံချပ် ဖျော်ဖြေတာတွေ့ရတယ်” ဟု ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဆောက်သို့ ရောက်ရှိကာ အလုပ်လုပ်နေသည့် မြန်မာလူငယ်တစ်ဦးက ပြောသည်။
သင်္ကြန်ကာလအတွင်း မန္တလေးသင်္ကြန်မဏ္ဍပ်ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ပြီး ပြင်ဦးလွင်မြို့ရှိ DSA ကျောင်း ရှော့တိုက်ဒုံးပစ်ခံရသဖြင့် လူ ဆယ်ဦးနီးပါးသေဆုံးကာ ဒဏ်ရာရသူများ ရှိကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#သင်္ကြန် #hotel #bar #ရေကစားဥယျာဉ်များ #လူစည်ကား #Ayeyarwaddy_Times