နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၁၆ ရက်

ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ်တွင် သင်္ကြန်ကာလအတွင်း စစ်ကောင်စီ၏ စစ်ကြောင်း ထိုးလာမှုကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး အဆင့် အရာရှိအပါအဝင် ၁၅ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA) ထံက သိရသည်။

အာဏာသိမ်း စစ်ကောင်စီ၏ စစ်ကြောင်းထိုးလာမှုကြောင့် ယမန်နေ့ ဧပြီ ၁၅ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ဝေလင်းမောင်၊ ဗိုလ်အောင်ကျော်ထွန်း၊ ဒုတပ်ကြပ် အောင်မျိုးထွန်းအပါအဝင် ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“သင်္ကြန်ကာလ အတွင်းမှာတော့ ဆီဆိုင်မြို့မှာ တိုက်ပွဲက နေ့တိုင်းဖြစ်ပွားနေပါတယ်။ မနေ့က ဧပြီ ၁၅ ရက်မှာရော၊ ၁၄ ရက်မှာရော တိုက်ပွဲဖြစ်တယ်။ အဲဒီမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရတာတွေ ရှိတယ်ပေါ့နော်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ဧပြီ ၁၄ ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၁၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ အောင်ပန်းကုတင် ၇၀၀ ဆေးရုံအတွင်း သေဆုံးသွားကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA) က ထုတ်ပြန်ထားသည်။

“ဆီဆိုင်မြို့ပေါ်မှာ ဒီနေ့လည်း တဒုန်းဒုန်းပါဘဲ ဒီနေ့ ဒရုန်းဗုံးကြဲတာတွေ မနက်ကတည်းက ကြားနေရပါတယ်။ ၁၃ ရက်နေ့ ကစပြီး ကနေ့အချိန်ထိပါပဲ။ ၁၄ ရက်နေ့တုန်းကလည်း စစ်ကောင်စီက ဒရုန်းနဲ့ မီးလောင်ဗုံး ကြဲသေးတယ်။ ဆီဆိုင်မြို့ပေါ်‌ အောင်သပြေ ရပ်ကွက်မှာ“ ဟု ပအိုဝ်းလူငယ်အဖွဲ့အစည်း-PYO မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်များတွင် စစ်ကောင်စီက တိုက်ပွဲစတင်ဖြစ်ပွါးသည့် ဇန်နဝါရီ ၂၁ ရက်မှ ဧပြီ ၁၃ ရက်အထိ တိုက်ပွဲကာလ ၈၄ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၄၆၂ ကြိမ်ကျော်၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၂၈၄၆ ကြိမ်ကျော် တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၆၁ ဦး သေဆုံး၍ ၇၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း PYO ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် ပအိုဝ်းဒေသကို လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များအပါအဝင် ဒေသခံများ ထိခိုက်သေဆုံးခဲ့ရပြီး ပအိုဝ်းတို့ အထွဋ်အမြတ်ထားသည့် ဘာသာရေး အဆောက်အဦးများကိုလည်း ပစ်မှတ်ထား၍ ဖျက်ဆီးလျက်ရှိကြောင်း PNLA က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- PNLA

#ဆီဆိုင်မြို့ #သင်္ကြန်ကာလ #တိုက်ပွဲဖြစ်ပွား #စစ်ကောင်စီ #ဗိုလ်ကြီးအဆင့် #၁၅ဦးသေဆုံး #အများအပြားဒဏ်ရာရ #Ayeyarwaddy_Times