ဧရာဝတီတိုင်းမ်

ဧပြီ ၁၇ ရက်

မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၃၃၀၃ ဦးကို လွှတ်ပေးမည်ဟု စစ်ကောင်စီက ယနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကြေညာခဲ့သည်။

နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံ‌ရသည့် အကျဉ်းသား ၃၃၀၃ ဦးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ယနေ့ ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) တွင် စစ်ကောင်စီလက်အောက်ခံ မီဒီယာ MRTV က ထုတ်ပြန်ကြေညာထားသည်။

ကြေညာချက်တွင် လွတ်ငြိမ်းခွင့်ပြုသည့် အကျဉ်းသားများ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီက ယခုကဲ့သို့ ပြန်လွှတ်မည့်ထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါ၀င်ခြင်းရှိ၊ မရှိကိုမူ သိရှိရခြင်းမရှိသေးပေ။

စစ်တပ် အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးခံထားရသည့် အကျဉ်းသား ၂၆၅၂၄ ဦးရှိပြီး ၂၀၃၅၁ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၈၉၄၀ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထား ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားသည်။

ဓာတ်ပုံ-၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့က ပြန်လွတ်လာသည့် အကျဥ်းသားများအားတွေ့ရစဥ်

#မြန်မာတစ်နိုင်ငံလုံး #အကျဉ်းထောင်များ #အကျဉ်းသား၃၃၀၃ #ပြန်လွှတ် #စစ်ကောင်စီကြေညာ #Ayeyarwaddy_Times