ဧရာဝတီတိုင်းမ်
ဧပြီ ၁၇ ရက်

သင်္ကြန်ကာလအတွင်း မြင်ကွင်းမှ ပျောက်ကွယ်နေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုယ်ကျိုး အတ္တလွန် ကဲသူများ ဒေသ မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်ခဲ့ကြသည်ဟု ၎င်း၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့နှစ်ဟောင်းကာလအတွင်းမှာ အရှည်မမျှော်တွေးတဲ့ လိုအင်ဆန္ဒတွေ၊ ဘေး ပယောဂတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် အချို့သော ကိုယ်ကျိုးအတ္တလွန် ကဲတဲ့သူတွေဟာ ဒေသမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ကိုယ့်ပြည် ထောင်စုဖွား တိုင်းရင်းသားအချင်းချင်းကို ဒုက္ခတွင်းထဲ ရောက်အောင်တွန်းပို့ခဲ့တာကို တွေ့ကြုံခဲ့ရပြီး ဖြစ်တာကြောင့် အရှည်ကိုမျှော်တွေးပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်း လိုပါတယ်” ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ဆိုသည်။

ထို့ပြင် စစ်ခေါင်းဆောင်က မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် နှစ်ဟောင်းကာလအတွင်း ကြုံတွေ့ခဲ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားနိုင်ခဲ့ကြပြီး မည်သည့် စိန်ခေါ်မှုမျိုးကိုမဆို ဆက်လက် ရင်ဆိုင်သွားမည် ဖြစ်သည်ဟု ဆိုထားသည်။

“မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့တဲ့ နှစ်ဟောင်းကာလ အတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခက် အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားနိုင်ခဲ့ကြပြီးဖြစ်ပါတယ်။ ယခုနှစ်သစ်မှာလည်း ကျွန်တော်တို့ အစိုးရအနေနဲ့ ပြည်သူအားလုံးရဲ့ ဇွဲ၊ သတ္တိ၊ ခိုင်မာတဲ့ ယုံကြည်ချက် တို့နဲ့အတူ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်အောင် ဆက်လက် ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်” ဟု စစ်ခေါင်းဆောင်က ပြောကြားထားသည်။

သင်္ကြန်ကာလအတွင်း ပြင်ဦးလွင်မြို့တွင် ရှိနေခဲ့သည့် စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ဧပြီ ၁၄ ရက်နေ့ ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် (DSA) ကိုတိုက်ခိုက်ခဲ့ပြီးနောက် တပ်တွင်း သင်္ကြန် တက်ရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဧပြီ ၁၆ ရက်နေ့ (သင်္ကြန်အတက်နေ့) က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှသည် ပြင်ဦးလွင် တပ်နယ်ရှိ မိသားစု ရေသဘင်မဏ္ဍပ်များကို သွားရောက်ကြည့်ရှုခဲ့သော်လည်း စစ်ခေါင်းဆောင်ကမူ ခြေထောက်နာနေသည် ဟူသော အကြောင်းပြချက်ဖြင့် လူမြင်ကွင်းမှ ပုန်းရှောင်ခဲ့သည်။

စစ်ခေါင်းဆောင်က အခက်အခဲ အကျပ်အတည်း မျိုးစုံကြားက နိုင်ငံ့စီးပွား အတိုင်းအတာတစ်ခုအထိ တိုးတက် အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ပိတ်ဆို့တားဆီးမှုနှင့် အခက်အခဲ အချို့သာမရှိခဲ့ပါက နိုင်ငံ့စီးပွားသည် ယခုထက်မက များစွာတိုးတက်နေမည်ဟု ဆိုထားသည်။

စစ်ခေါင်းဆောင်က အတိုင်းအတာတစ်ခုအထိ စီးပွားရေးတိုးတက်သည်ဟု ဆိုထား သော်လည်း ၎င်း အာဏာသိမ်းယူခြင်း မပြုမီ ၂၀၂၁ ခုနှစ် ဇန်နဝါရီအထိ အမေရိကန် တစ်ဒေါ်လာ၏ ပေါက်ဈေးမှာ ငွေကျပ် ၁၃၅၀ ဝန်းကျင်သာရှိပြီး ယနေ့ ၂၀၂၄ ခုနှစ် ဧပြီ ၁၇ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာ၏ ပေါက်ဈေးမှာ ၃၈၉၀ ကျပ်ဖြစ်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခု ၂၀၂၄ ခုနှစ် သင်္ကြန် ကာလတွင်လည်း ယမန်နှစ် ၂၀၂၃ ခုနှစ် နည်းတူ ၂ နှစ်ဆက်တိုက် မြင်ကွင်းမှ ပျောက်ကွယ်နေခြင်း ဖြစ်သည်။

ပုံစာ- ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက်နေ့က ပြင်ဦးလွင် တပ်နယ်ရှိ မိသားစု ရေသဘင်မဏ္ဍပ်များတွင် တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

#သင်္ကြန်ကာလ #ပျောက်ကွယ် #စစ်ခေါင်းဆောင်#ကိုယ်ကျိုးအတ္တလွန်ကဲသူများ #ဒေသမတည်မငြိမ်#Ayeyarwaddy_Times