
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၁၇ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ၁၂ ပတ်အတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၆၁ ဦး သေဆုံးခဲ့ပြီး ၇၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အဖွဲ့အစည်း(PYO) ထံက သိရသည်။
စစ်ကောင်စီသည် တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်မှ ယခုလ ဧပြီ ၁၃ ရက်နေ့အထိ တိုက်ပွဲကာလ ၈၄ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု (၄၆၂) ကြိမ်ကျော်နှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှု (၂၈၄၆) ကြိမ်ကျော် တိုက်ခိုက်ခဲ့သဖြင့် အအောက်အအုံ ၅၉၆ လုံး ထိခိုက်ပျက်စီးကာ စစ်ဘေးရှောင် စုစုပေါင်း ၇၀,၃၀၀ ဦးကျော် ရှိလာကြောင်း သိရသည်။
“စစ်ရေအခြေအနေကတော့ တစ်ဒေသနဲ့တစ်ဒေသ မတူနေဘူး။ အခုရက်ပိုင်း ဆီဆိုင်မြို့ပေါ် ရပ်ကွက်နှင့် အနီးတစ်ဝိုက်မှာ မြေပြင်တိုက်ပွဲ ပြန်ပြင်းထန်နေတယ်။ ဆီဆိုင်မြို့ပေါ် အဝင်အထွက် ကိစ္စရပ်တွေကို ပြန်ပြီးဟန့်တားလိုက်ပြီ ဖြစ်ပါတယ်။ ဆီဆိုင်မြို့ပေါ်ကို စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်တို့က လူအင်အား ဆက်လက် ဖြည့်တင်းနေတယ်” ဟု PYO မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ အရပ်သား သေဆုံးမှုများသည် လက်နက်ကြီးထိမှန်မှုကြောင့် ၁၈ ဦး၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၆ ဦး၊ စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီးနောက် သေဆုံးသူ ၁၅ ဦးနှင့် စစ်ရှောင်နေရင်း ပစ်ခတ်ခံရခြင်း၊ စစ်ဆေးရေးဂိတ်များတွင် သတ်ဖြတ်ခံရခြင်း စသည်တို့ကြောင့် ၁၂ ဦး စုစုပေါင်း ၆၁ ဦးဖြစ်ကာ ထိုအနက်မှ ခုနစ် ဦးသည် အသက် ၆ လမှ ၁၀ နှစ်အတွင်းရှိ ကလေးငယ်များဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ PNA ပြည်သူ့စစ်အဖွဲ့သည် ရှမ်းတောင်တိုက်ပွဲ ဖြစ်ပွားခဲ့သော မြို့နယ်များတွင် စစ်ဘေးရှောင် အရပ်သားများကို နေရပ်သို့ ဖိအားပေး ပြန်ခိုင်းမှုများ အများအပြားရှိနေပြီး ဒဏ်ကြေးဆောင်ရခြင်း၊ ပိုင်ဆိုင်မှုများ သိမ်းယူခံရနိုင်ခြင်းစသည့် ခြိမ်းခြောက်မှုများကြောင့် ဒေသတည်ငြိမ်မှု မရှိသည့်တိုင် နေရပ်သို့ပြန်လာနေရကြောင်း သိရသည်။
“ဆီဆိုင်မြို့နယ်မှာတော့ ဒီတစ်ပတ်အတွင်း နေရပ်ကို ပြန်လာကြတဲ့ စစ်ရှောင်ဒေသ ခံအချို့ ပြန်လည်တိမ်းရှောင်မှုတွေ လုပ်ကြရပါတယ်။ အထူးသဖြင့် ကောင်ကေ၊ ကောင်ဝါတောင်၊ တွေပူ၊ နောင်အယ်၊ ထီဖူ၊ ကောင်ဝိန်တို့ အစရှိသဖြင့် ရွာတွေ နီးစပ်ရာ ခြံထဲ၊ တောထဲ ပြန်တိမ်းရှောင်ကြရပါတယ်” ဟု PYO မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းအပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၀ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၂၆ ဦး၊ စစ်ရှောင်နေရင်း စားနပ်ရိက္ခါ ကျပ်တည်းလာသည့်အတွက် နေရပ်သို့ အရဲ့စွန့်ကာ ပစ္စည်းများ ပြန်ယူရာမှ မိုင်းနင်း မိခြင်းနှင့် ကြွင်းကျန် လက်နက်ကြီးကျည် ပေါက်ကွဲမှုတို့ကြောင့် အရပ်သား ၁၂ ဦး စုစုပေါင်း ၇၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ထိုအထဲတွင် ကလေးငယ် ၁၀ ဦး ပါဝင်ကြောင်း သိရသည်။
ထို့အတူ ပင်လောင်းမြို့နယ်၊ နမ့်တုတ်အုပ်စုတကြောကိုလည်း စစ်ကောင်စီက ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်များမှာ နေရပ် ပြန်နိုင်ခြင်း မရှိသေးသလို တိုက်ပွဲမရှိသည့်ရက်၌ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ကာ လက်ရှိတွင်မူ ဆောင်းပြောင်းဒေသကို တပ်စွဲထားကြောင်း သိရသည်။
အလားတူ ပင်လောင်းမြို့နှင့် တဆက်တည်းဖြစ်သော ညောင်ရွှေမြို့နယ်ရှိ ထီးရီးရွာ၊ ညောင်လေးပင်တကြောတွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၊ PNA ပြည်သူ့စစ်နှင့် အင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား မြေပြင်တိုက်ပွဲ ဖြစ်ပွား လျှက်ရှိကြောင်း PYO တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။
ဟိုပုံးမြို့နယ်တွင်မူ မြေပြင်တိုက်ပွဲ ငြိမ်နေပြီး စစ်ရှောင်ပြည်သူ အားလုံးနီးပါး ပြန်ရောက်ကြသော်လည်း ရွာလုံးကျွတ် မီးလောင်သွားသည့် ရွာများမှ ဒေသခံများမှာ ဆက်လက်တိမ်းရှောင်နေရကာ လက်ရှိတွင် စစ်ကောင်စီသည် လွယ်ဝိုးတုတ်ကျေးရွာ၌ တပ်စွဲထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထိုသို့ စစ်ရှောင်ကာလ ကြာမြင့်လာသည့်နှင့်အမျှ စစ်ဘေးရှောင် ပြည်သူများအတွက် နေရာထိုင်ခင်းနှင့် အရေးပေါ် စားနပ်ရိက္ခာ၊ သုံးစွဲရေ၊ ဆေးဝါးအကူအညီများ အများအပြား လိုအပ်နေဆဲဖြစ်ကြောင်း ပအိုဝ်းလူငယ်အဖွဲ့အစည်း(PYO) က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – PNLA
#ရှမ်းတောင်တိုက်ပွဲ #စစ်ကောင်စီ #တိုက်ခိုက်မှု#အရပ်သား၆၁ဦးသေဆုံး #၇၈ဦးထိခိုက်ဒဏ်ရာရ#Ayeyarwaddy_Times