ဧရာဝတီတိုင်းမ်

ဧပြီ ၁၇ ရက်

စစ်ကောင်စီအနေဖြင့် အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေရသည့် အကျဉ်းသား အကျဉ်းသူ ၃၃၀၃ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုရာတွင် ကေဘီစီ ဥက္ကဌဟောင်း ဒေါက်တာဆလမ်ဆမ်ဆွန်၊ ကချင်ပြည်နယ် အစိုးရ အဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် လဝကဝန်ကြီး ဦးဇော်ဝင်းနှင့်  နေပြည်တော် နယ်မြေ ဒက္ခိဏသီရိမြို့နယ်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းအပါအဝင် နိုင်ကျဉ်းအနည်းငယ် ပြန်လည်လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

စစ်ကောင်စီအနေဖြင့် မကြာခဏဆိုသလို လွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့ရာ အကြိမ်တိုင်းတွင် နိုင်ကျဉ်းအနည်းငယ်သာပါဝင်ပြီး ထိုသူများမှာလည်း ထောင်မှလွတ်ရန် လအနည်းငယ်သာ လိုသူများဖြစ်ကြောင်း နိုင်ကျဉ်းဟောင်းများက ပြောသည်။

“ အခုလွှတ်ပေးတဲ့ သုံးထောင်ကျော်မှာ နိုင်ကျဉ်းဘယ်လောက်ပါတယ်ဆိုတာ အတိအကျမသိရသေးပေမယ့် အနည်းငယ်ပဲပါမယ်ဆိုတာသေချာတယ်။ ၅၀၅ နဲ့ဆက်စပ်တဲ့ လက်ကျန်အချို့လောက်ပါမယ်။ အချို့ပုဂ္ဂိုလ်တွေ ကတော့ တိုက်ရိုက်အမိန့်နဲ့ လွတ်လာတာပါတယ်။ ဒါမျိုးက တစ်ယောက်နှစ်ယောက်ပဲပါတတ်တာမျိုးပါ။ စစ်ကောင်စီရဲ့ လွတ်ငြိမ်းမှာ အများစုလွတ်တာက ခိုးမှုနဲ့ အခြားလွတ်နီး ရာဇဝတ်မှုတွေများပါတယ်” ဟု နိုင်ကျဉ်းဟောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယနေ့လွတ်မြောက်သူများထဲတွင် ပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် နှစ်နှစ်ကျခံနေရသူ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးလည်း ပြန်လွတ်မြောက်လာကြောင်း ရခိုင်ဘက်မှလာသည့် သတင်းဖော်ပြချက်များအရ သိရသည်။

“ ဒီနေ့ပြန်လွတ်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် ကိုသန့်ဇင်ထွန်းဆိုရင် ၅၀၅ ကိုနှစ်မှုစွဲခံရတယ်။ တစ်မှုက ရဲကစွဲပြီး နောက်တစ်မှုကို အရပ်သားတစ်ယောက်က တရားလိုလုပ်တာပါ ။ ဒါကြောင့် ၅၀၅ နှစ်မှုနဲ့ ထောင်ခြောက်နှစ်မတရားချလိုက်တာ။  မကြာသေးခင်က အဖမ်းခံထားရတဲ့ ဝန်ကြီးဟောင်းတစ်ဦးရဲ့ မကျေနပ်မှုတွေလည်း ပါခဲ့တာပေါ့။ အခုလည်း လွတ်နီးဖြစ်နေပါပြီ  ” ဟု ဦးသန့်ဇင်ထွန်းနှင့်အတူနေခဲ့ဖူးသည့် နိုင်ကျဉ်းဟောင်းတစ်ဦးက ပြောသည်။

စစ်ကောင်စီအနေဖြင့် နှစ်ဆန်းတစ်ရက်နေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းမပေးမီတစ်ရက်အလိုတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အပါအဝင် အသက်အရွယ် ကြီးရင့်သူအချို့ကို အပူဒဏ်သက်သာစေရေးအတွက် စီမံပေးထားသည်ဟု သတင်းမီဒီယာအချို့ကနေ သတင်းစကားဖြန့်ထားသည်။

ပုံစာ-ပြန်လည်လွတ်မြောက်လာသည့် ဝန်ကြီးနှစ်ဦးနှင့် ဦးသန့်ဇင်ထွန်း

#စစ်ကောင်စီ #လွတ်ငြိမ်း #ကေဘီစီဥက္ကဌဟောင်း #ဒေါက်တာဆလမ်ဆမ်ဆွန် #ကချင်ပြည်နယ်အစိုးရအဖွဲ့ #လူမှုရေးဝန်ကြီးဦးနေဝင်း #လဝကဝန်ကြီးဦးဇော်ဝင်း #ဒက္ခိဏသီရိမြို့နယ် #ပြည်သူ့လွှတ်တော် #ဦးသန့်ဇင်ထွန်း #ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌ #ဒေါ်ညိုအေး #Ayeyarwaddy_Times