
ဧရာဝတီတိုင်းမ်
ဧပြီ ၁၅ ရက်
အပူရှောင်သူများနှင့် သင်္ကြန်အတွင်းအလည်ရောက်သူဧည့်သည်များဖြင့်စည်းကားနေသော ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်သင်တန်းကျောင်းကို ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရပြီးနောက်တွင် မြို့အတွင်းလူသွား လူလာရှင်းလင်းနေကြောင်း သတင်းရရှိသည်။
ယနေ့ သင်္ကြန်အကြပ်နေ့ ဧပြီ ၁၅ ရက်နေ့မနက်ပိုင်းတွင် မန္တလေး – လားရှိုးလမ်းမကြီးနှင့် မြို့အတွင်းလမ်းများ တွင် ယာဉ်သွား၊ ယာဉ်လာရှင်းလင်းနေပြီး ဆိုင်ကယ်စီးသွားလာနေသူများသာရှိကြောင်း ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂ ) နေထိုင်သူတစ်ဦးက ပြောကြားသည်။
သင်္ကြန်ရက်မတိုင်ခင်ကတည်းက ရန်ကုန်မြို့အပါအဝင်မြို့ကြီးများတွင် အပူချိန်မြင့်တက်နေသဖြင့် ပြင်ဦးလွင်မြို့တွင် အပူရှောင်ကာ ပြောင်းရွှေ့နေ ထိုင်သူများ နှင့် သင်္ကြန်ကာလရုံးပိတ်ရက်များတွင် အလည်လာရောက်သည့် ဧည့်သည်များဖြင့် များပြားနေကြောင်း ပြင်ဦးလွင်မြို့ခံများထံမှ သိရသည်။
“ ဈေးလေးမီးပွိုင့်မှာ အရင်နေ့တွေက ကားတွေအရမ်းပိတ်တယ်။ ဒီနေ့မနက်တော့ လူနည်းနည်းရှင်းသွားတယ်။ မြို့ခံတွေလောက်ပဲသွားတာလာတာတွေရှိမယ်ထင်တယ်။ လမ်းမှာအသွားအလာတော့မပျက်ဘူး။ ညက ရှော့တိုက်ဒုံးပေါက်တဲ့အသံက တစ်မြို့လုံးကြားရတော့ ကြောက်သွားကျလားမသိဘူး။ မနေ့က ညနေပိုင်း လူစည်တယ်။ အခုမနက်ပိုင်း ကလေးတွေတချို့ရေကစား တာတွေ့တယ်။ ညနေတော့ဘယ်လိုရှိမလဲမသိဘူး ” ဟု မြို့ပတ်လမ်းပေါ်နေထိုင်သူ တစ်ဦးက ပြောကြားသည်။
ယမန်နေ့ညက စစ်တပ်မြို့တော်ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်သင်တန်းကျောင်း ( DSA)ကျောင်းအပါအဝင် ရပ်ကွက်အချို့သို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲပြီးနောက် စစ်တပ်ဘက်ကပြန်လည်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုများကြောင့် ဒုလ္လဘကိုရင်တစ်ပါး၊ ဦးဇင်းတစ်ပါး ပျံလွန်တော်မူပြီး ကပ္ပိယ တစ်ဦး သေးဆုံးခဲ့သဖြင့် သေဆုံးသူ သုံးဦးနှင့် ဒဏ်ရာရသူ ၁၀ဦးအထက် ရှိကြောင်း ဒေသခံများထံက သိရသည်။
ထို့ပြင် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီး၊ အရိုးကုသဆောင်တွင် ဆေးရုံတက်နေသူ လူနာနှင့် ဆေးရုံးဝန်ထမ်းများလည်း ထိခိုက်သွားကြောင်းသိရသည်။
ပြင်ဦးလွင်မြို့အနောက်ဘက်မှ ပြင်ဦးလွင်မြို့အတွင်းသို့ ၁၀၇ မမဖြင့် ပစ်ခတ်ရာတွင် အောင်မြေ ဇေယျာဘုန်းကြီးကျောင်း၊ Luxury Hotel ၊ ရပ်ကွက်ကြီး ၅ ၊ ဗလမင်းထင်ရပ်ကွက်နှင့် စံပါယ်ရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံး ၁၁ လုံးကျရောက်ပေါက်ကွဲကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်