အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဧပြီ ၁၆ ရက်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မြန်မာလူငယ်တစ်ဦးက အသက် (၇) နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦးကို လည်ပင်း ညှစ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း မလေးရှားရောက် မြန်မာများထံက သိရသည်။

ကွာလာလမ်ပူမြို့ရှိ ပူဒူးရပ်ကွက်၊ စင်္ကာပူဟိုတယ် အနီးတွင် အခန်းစပ်တူ နေထိုင်သည့် မြန်မာလူငယ် တစ်ဦးသည် ၎င်းတို့နှင့် အခန်းဘေးချင်း နေထိုင်သည့် အသက် (၇) နှစ်အရွယ် ကလေးငယ် တစ်ဦးကို လည်ပင်းညစ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“ကလေးသတ်ဖြတ်ရတဲ့ အကြောင်းအရာမသိရသေးဘူး။ လူသတ်တရားခံလည်း ထွက်ပြေးလွတ်မြောက်ပေမယ့် မနေ့ ညနေက သူ့သူငယ်ချင်း တိုက်ခန်းမှာ ပြန်ဖမ်း မိသွားပြီ။ အသတ်ခံရတဲ့ ကလေးမိသားစုပြောတာတော့ ဘာပြဿနာမှ မရှိဘူး လို့ပဲ ပြောတယ်။ အခု လူသတ်မှု ကျူးလွန်တဲ့ တရားခံကို ပူဒူးရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားတယ်။ အခန်းအတူတူနေထိုင်ပြီး လူသတ်မှုဖြစ်သွားတယ်။ နှစ်ယောက် လုံးက ဟားခါးမြို့နယ်ဘက်က ချင်းတွေပါပဲ” ဟု အဆိုပါဖြစ်စဥ်ကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် မြန်မာအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကလေးငယ်ကို သတ်ဖြတ်မှု ကျူးလွန်ခဲ့သူသည် ချင်းပြည်နယ်၊ ဟားခါးမြိုနယ်၊ Hmaikhah ကျေးရွာ ဇာတိ အသက် ၂၂ နှစ်အရွယ်ရှိ ဟရန်တလိန်းထန်း ဟု သိရှိရကာ အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးလွတ်မြောက်သော်လည်း ယမန်နေ့ မလေးစံတော်ချိန် ည ၁၁ နာရီ မိနစ် ၃၀ မိနစ်တွင် မလေးရှား ရဲတပ်ဖွဲ့ဝင်များက ၎င်းသူငယ်ချင်းများ နေထိုင်သည့် တိုက်ခန်းတွင် ဖမ်းဆီးရမိခဲ့သည်။

ဟရန်တလိန်းထန်းသည် လူသတ်မှု ကျူးလွန်သူဟု ပြစ်မှုထင်ရှားလျင် လူသတ်မူ ပုဒ်မ (၃၀၂) သေဒဏ် (သို့မဟုတ်) ထောင်ဒဏ် အနည်းဆုံး နှစ် (၃၀) မှ အများဆုံး နှစ် (၄၀) အထိ ချမှတ်နိုင်ပြီး သေဒဏ်မပေးပါက ကြိမ်ဒဏ် (၁၂) ချက်ထက်မနည်း ချမှတ်နိုင်ကြောင့် သိရှိရသည်။

ကွာလာလမ်ပူမြို့ရှိ ကပုန်းဘက်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်က မြန်မာလူငယ် အချင်းချင်း ဝိုင်းဖွဲ့ကာ အရက်သောက်စားပြီးနောက် စကားများကြကာ လူသတ်မှုဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ – လူသတ်မှု ကျူလွန်ခဲ့သူကို တွေ့ရစဥ်

#မလေးရှား #ကွာလာလမ်ပူ #လူသတ်မှုဖြစ်ပွား#မြန်မာကလေးငယ် #Ayeyarwaddy_Times