ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ ရက်
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းသို့ ရောက်ရှိလာသည့် မြဝတီကိုစစ်ကူ တက်လာသည့်စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ရာ ဖောကားတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးခဲ့ ကြောင်း သိရသည်။
မြဝတီမြို့သို့ တင့်ကားများ ၊ဖောကားများဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ လက်အောက်ခံတပ်များကို ယမန်နေ့ ဧပြီ ၁၃ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) လက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးကြောင်း ကျားဖြူစစ်ကြောင်းမှ ထုတ်ပြန်သည်။
စစ်ကူတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကျားဖြူစစ်ကြောင်းမှ ကျိုးဒိုး ချောင်းဖျား၊ မြပတိုင်၊ကော့နွဲ့ နေရာများသို့ ဆက်တိုက်လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ နီးပါးေသဆုံးကာ ဖောကား တစ် စီးပျက်စီးခဲ့ပြီး အများအပြား ထွက်ပြေးသွားကြောင်း သိရှိရသည်။
စစ်ကောင်စီသည် Y-12 ဖြင့်လေကြောင်းဖြင့် ကင်းထောက်ပေး၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ကျေးရွာများသို့ ကျရောက်ခဲ့ပြီး ပြည်သူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၁၁ရက်နေ့မှစတင်၍ တပ်မ ၅၅ ဦးဆောင်သည့် အင်အား ၅၀၀ ပါစစ်ကြောင်းသည် သံချပ်ကာကား နှစ်စီး ဖောကား အစီး ၂၀ တို့ဖြင့် မြဝတီမြို့သို့ စစ်ကူရန်တက်လာခြင်းဖြစ်သည်။
အဆိုပါစစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၃ ရက်အတွင်း စစ်ကောင်စီဘက်က ၆၀ နီးပါး သေဆုံးမှုရှိကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်များထံက သိရသည်။
လက်ရှိတွင် အဆိုပါ ယာဉ်တန်းသည် ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ အနီးရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် ပြည်သူ၊ရန်သူမခွဲခြားဘဲ အကြမ်းဖက် လုပ်ငန်းစဉ်များအား ဆက်တိုက်လုပ် ဆောင်လျက်ရှိရာ ပြည်သူများအနေဖြင့် တော်လှန်ရေးရဲဘော်များ၏ ခွင့်ပြုချက်မရှိသော နေရာများသို့ဖြတ်သန်းသွားလာမှုမပြုလုပ်ကြရန် ကျားဖြူ စစ်ကြောင်းက တိုက်တွန်းနှိုးဆော်ထားသည်။
ပုံစာ- မြဝတီသို့စစ်ကူသွားနေသည့် စစ်ကောင်စီယာဥ်တန်း
#ကရင်ပြည်နယ် #ကော့ကရိတ် #စစ်ကောင်စီစစ်ကြောင်း #ကျားဖြူစစ်ကြောင်း #ကြားဖြတ်တိုက်ခိုက် #Ayeyarwaddy_Times