
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၁၆ ရက်
စစ်ကောင်စီ၏ လုပ်ကြံဆောင်ရွက်မှု အခြေအနေနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုအရပ်ရပ်ကို အချိန်နှင့်တပြေးညီ တုံ့ပြန်နိုင်ရေးအတွက် ရခိုင်-ရိုဟင်ဂျာ နှစ်ဖက်ခေါင်းဆောင်များ ပါဝင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ကြောင်း ရိုဟင်ဂျာနိုင်ငံရေးအတိုင်ပင်ခံအင်အားစု ဦးဆောင်လှုပ်ရှားမှုအဖွဲ့(ယာယီ) ထံက သိရသည်။
အာဏာသိမ်းကာလ ကြာမြင့်လာသည်နှင့်အမျှ စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ အရေးနိမ့်လာသော စစ်ကောင်စီသည် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် (ရိုဟင်ဂျာ) များကို အတင်းအဓမ္မ ဖမ်းဆီး၍ စစ်မှုထမ်းရန် တပ်သားသစ် စုဆောင်းခြင်း၊ တိုက်ပွဲများ၌ အသုံးချခြင်းတို့အပြင် ရက္ခိုင့်တပ်တော် (AA) အား ဆန့်ကျင်ဆန္ဒပြပွဲများကိုပါ လုပ်ဆောင်လာကြောင်း သိရသည်။
စစ်ရေးအရှိန်မြှင့်လာသော ရခိုင်ပြည်နယ်ကို စစ်ကောင်စီက ဖုန်းလိုင်းများ ဖြတ်တောက်ထားသောကြောင့် လက်ရှိတွင် မြေပြင်သတင်း အချက်အလက်များ အတိအကျရယူရန် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း ရိုဟင်ဂျာနိုင်ငံရေးအတိုင်ပင်ခံအင်အားစု ဦးဆောင်လှုပ်ရှားမှုအဖွဲ့(ယာယီ) ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
“စစ်ကောင်စီရဲ့ လုပ်ကြံဆောင်ရွက်မှု အခြေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအရပ်ရပ်ကို အချိန်နဲ့တပြေးညီ တုံ့ပြန်နိုင်ရေး၊ နှစ်ဖက်အသိုင်းအဝိုင်း သဟဇာတရှိရှိ တန်းတူညီတူ တစ်သားတည်း နေထိုင်နိုင်ရေးအတွက် နှစ်ဖက်အသိုင်းအဝိုင်းရှိ ခေါင်းဆောင်တွေ ပါဝင်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆလင် (ရိုဟင်ဂျာ) များကိုလည်း ဖိအားပေး ခိုင်းစေ၍ လူနေအိမ်များအား မီးရှို့ဖျက်ဆီးစေခဲ့သလို ရက္ခိုင့်တပ်တော် (AA) အား အလိုမရှိဟု ဧပြီ ၁၄ ရက်တွင် ထပ်မံဆန္ဒပြခိုင်းခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
သို့သော် စစ်ကောင်စီကမူ ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆလင် (ရိုဟင်ဂျာ) ကျေးရွာများဖြစ်သော ကွန်တိုင်၊ ရွက်ညိုတောင်နှင့် ဦးလှဖေအတွင်းသို့ လက်နက်ကြီးများ၊ လက်နက်ငယ် များဖြင့် ဧပြီ ၁၂ ရက်တွင် AA တပ်ဖွဲ့က ပစ်ခတ်ခဲ့သည် ဟုဆိုကာ ထွက်ပြေးတိမ်းရှောင်နေရသော အဆိုပါကျေးရွာများမှ မွတ်ဆလင် (ရိုဟင်ဂျာ) များက AA အလိုမရှိ ဆန္ဒပြခြင်းဖြစ်ကြောင်း ၎င်းတို့ဝါဒဖြန့် သတင်းစာများ၌ ထုတ်ပြန်စွပ်စွဲထားသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာများအတွင်းရှိ ဘာသာရေး အဆောက်အဦများ၊ လူနေအိမ်များနှင့် ဈေးဆိုင်များ မီးလောင်ပျက်စီးခဲ့ပြီး အဆိုပါကျေးရွာများနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ မွတ်ဆလင် (ရိုဟင်ဂျာ)များ စုစုပေါင်း ၃၀၀၀ ကျော်ခန့်သည် ၎င်းတို့၏ ကျေးရွာများအား စွန့်ခွာ၍ ဘူးသီးတောင်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ကောင်စီက ဆိုသည်။
“စစ်တပ်က ဘာမဆိုလုပ်ပြီး ထွက်ပေါက်တော့ ရှာမှာပါပဲ။ ဒါကြောင့် စစ်တပ်ထိန်းချုပ်ထားတဲ့ နေရာဒေသတွေမှာ ဆန္ဒပြတယ်ဆိုတာရယ် ပြီးတော့ စစ်တပ်လက်အောက် သတင်းဌာနတွေမှာ ရေးသားတာတွေကို ကြည့်မယ်ဆိုလို့ရှိရင် စစ်တပ်က တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့ဆိုတာ ပေါ်လွင်ထင်ရှားတာပေါ့” ဟု ရိုဟင်ဂျာအရေး လှုပ်ရှားသူ ဦးအောင်မြိုင်က ပြောသည်။
လက်ရှိတွင် မြေပြင်နှင့် အဆက်အသွယ် မရသေးသော်လည်း ရွက်ညိုတောင်၊ ကွန်တိုင်နှင့် ဦးလှဖေ ကျေးရွာတို့မှ အရပ်သားများသည် ဘူးသီးတောင်မြို့ပေါ်ကို ရွှေ့ပြောင်းခိုဝင်လာ၍ စာသင်ကျောင်း၊ ဆေးရုံများတွင် ခိုလှုံနေထိုင်သည်ဟု သိရှိရသလို WFP ကလည်း ယင်းတို့ကို စားနပ်ရိက္ခာများ ထောက်ပံ့ပေးထားကြောင်း သိရသည်။
အလားတူ စစ်ကောင်စီသည် ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆလင် (ရိုဟင်ဂျာ) များကို ပြီးခဲ့သည့် မတ် ၁၉ ရက်နှင့် ၂၀ ရက်တို့တွင်လည်းကောင်း၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင် (ရိုဟင်ဂျာ) များအား မတ် ၂၁ ရက်နှင့် မတ် ၂၃ ရက်တို့တွင်လည်းကောင်း တစ်အိမ်တစ်ယောက် မထွက်မနေရ ဖိအားပေး ခြိမ်းခြောက်၍ AA အလိုမရှိကြောင်း ဆန္ဒပြရန် စေခိုင်းခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်
#စစ်ကောင်စီ #လုပ်ကြံမှုများ #တုံ့ပြန်နိုင်ရေး #ရခိုင်-ရိုဟင်ဂျာ #နှစ်ဖက်ခေါင်းဆောင်များ #ကော်မတီတစ်ရပ် #ဖွဲ့စည်းဆောင်ရွက် #Ayeyarwaddy_Times