မြရာ/ဧရာ၀တီတိုင်းမ်
ဧပြီ ၁၄ ရက်
မန္တလေးတိုင်း၊ ညောင်းဦးမြို့နယ်၊ လက်ပန်ခြေပေါ် တိုက်နယ်ရှိ အုန်းနဲကျောင်းရွာတွင် ဒေသခံလူငယ်များကို စစ်မှုထမ်းဆောင်ရန်အတွက် ပြည်သူ့စစ်ထဲ ၀င်ရမည်ဟု အတင်းအဓမ္မပြုလုပ်နေသည့် ပြည်သူ့ စစ်ခေါင်းဆောင်ဆိုသူကိုယမန်နေ့ ဧပြီ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မြို့နယ်တော်လှန်ရေးတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အုန်းနဲကျောင်းရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ် ခေါင်းဆောင် ဦးတိုးလွင်သည် အသက် ပြည့်မီသည့်လူငယ်များကို စစ်ကောင်စီအတွက် စစ်မှုထမ်းဆောင်ရန် ပြည်သူ့စစ်ထဲသို့ ၀င်ရမည်ဖြစ်ပြီး မ၀င်ပါကဖမ်းမည်ဟုဆိုကာ စစ်သားများကိုခေါ်၍ ခြိမ်းခြောက်လေ့ ရှိသောကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တိုးလွင်က လက်ပံခြေပေါ်တိုက်နယ်မှာ အဆိုးရွားဆုံးပါ။ စကစ(စစ်ကောင်စီ)နဲ့ ပေါင်းတယ်။ တစ်ခုခုဆို စကစကိုလှမ်းခေါ်တယ်။ PDF တွေ အသွားအလာကို စကစဆီ သတင်းပေးတယ်။ ပြည်သူ့စစ်စုဆောင်းရေးမှာ သူက ထိပ်ဆုံးကပဲ။ ပြည်သူ့စစ်ထဲ၀င်ရင်ဝင်၊ မ၀င်ရင်ဖမ်းမယ်ဆိုပြီး ကြွေးကြော်နေတာ”ဟု ညောင်ဦးမြို့နယ် ပကဖတာ၀န်ခံက ဧရာ၀တီတိုင်းမ် ကိုပြောသည်။
ညောင်ဦးမြို့နယ်ကပဖ အနေဖြင့် နှစ်သစ်တွင် ပြည်သူ့စစ်စုဆောင်းနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုများကို အရှင်ထားမည်မဟုတ်ဟု အသိပေးလိုကြောင်း မြို့နယ်ပကဖတာ၀န်ခံက ဆိုသည်။
#မန္တလေး #ညောင်ဦး #လက်ပံခြေပေါ်တိုက်နယ်#အုန်းနဲကျောင်းရွာ #ပြည်သူ့စစ်ခေါင်းဆောင်#မြို့နယ်ပကဖ #Ayeyarwaddy_Times